ထားဝယ်အကျဉ်းထောင်တွင် အကျဥ်းသားအခွင့် အရေးနှင့် အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေရဟု DPPN ထုတ်ပြန်

ပုံအညွှန်း- ထားဝယ် အကျဉ်းထောင်အား တွေ့ရစဉ်

ကိုရွှေမြိတ်
မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ် အကျဉ်းထောင်တွင် အကျဥ်းသားအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေကြောင်း ထားဝယ်ခရိုင် နိုင်ငံရေး အကျဥ်းသားများကွန်ရက် DPPN က ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အကျဥ်းသားများအပေါ် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများအတွက် အခြေခံရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးနေရသည်ဟု ဖော်ပြထားသည်။

လတ်တလောတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့နှင့် ထောင်ဒဏ် ကိုးနှစ် ကျခံနေရသူ အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေဆိုသူသည် မျက်လုံး ခွဲစိတ်ကုသရန် ထောင်အာဏာပိုင်များထံ အကြိမ်အကြိမ် တောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်အထိ ဆေးကုသခွင့် မရသေးသည့်ဖြစ်စဉ် ရှိနေသည်ဟု DPPN၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မျက်လုံးက တိမ်စွဲနေလို့ မမြင်ရတဲ့ပုံစံ ဖြစ်နေတာပါ။ ပြင်ပဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေလို့ ထောင်အာဏာပိုင်တွေကို ၁၀ ကြိမ် ထက်မက စာရေး တောင်းဆိုခဲ့တာ ရှိပေမယ့် အခုချိန်အထိ ကုသခွင့် မပေးသေးတာဖြစ်တယ်”ဟု ထားဝယ်ခရိုင် နိုင်ငံရေး အကျဥ်းသားများကွန်ရက် DPPN အဖွဲ့ကမှ တာဝန်ရှိသူတဦးက ပြောသည်။

ဦးထွန်းဝေဆိုသူသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၂၀၂၁ ခုနစ် မှစ၍ ထောင်ဒဏ်ကျခံနေရကာ အကျဥ်းထောင်ထဲတွင် ရှိနေသည့်အချိန် မျက်လုံး တိမ်စွဲသည့်ရောဂါ ဖြစ်လာပြီး လက်ရှိတွင် မျက်လုံးနှစ်ဖက်စလုံးမှာ ကွယ်လုနီးပါးအထိ ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ အကျဉ်းထောင်တွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကျဉ်းသားအချို့ အစုလိုက် အပြုံလိုက် ဖျားနာမှု ဖြစ်ပွားခဲ့ရာ ပြင်ပရှိ မိသားစုဝင်များ ပို့ဆောင်ပေးသည့် ဆေးဝါးများကိုသာ သောက်သုံးကြရသည်ဟု အကျဉ်းသား မိသားစုဝင် အချို့ထံက သိရသည်။

ထို့အတူ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း လောင်းလုံးဒေသခံ နိုင်ငံရေးအကျဥ်းသားတဦး ထောင်ထဲ၌ အမောဖောက်သဖြင့် ပြင်ပဆေးရုံသို့ အရေးပေါ် ပို့ဆောင်စဉ် သေဆုံးသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သေးသည်။

ထားဝယ်အကျဉ်းထောင်အတွင်း၌ နိုင်ငံရေး အကျဉ်းသား ၄၀၀ ခန့် အပါအဝင် အကျဉ်းသားစုစုပေါင်း ၁၀၀၀ ကျော် ရှိနေပြီး ယင်း အကျဉ်းထောင်တွင် သာမာန် ဖျားနာ ဝေဒနာလောက်သာ ကုသမှုပေးခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး