အာရှနိုင်ငံဆက်ဆံရေးနှင့် လျစ်လျူရှုဖိနှိပ်ခံမှ ကမ္ဘာ့ဖိနှိပ်ခံများလွတ်မြောက်ရေး ဦးဆောင်သူအဆင့်သို့

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော ဆန္ဒပြမှုမြင်ကွင်း (Photo- Mizzima)

စိုင်းလတ်

မြန်မာပြည်ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် လူမှုဖူလုံချမ်းငြိမ်းရေးကို UN ၊ ASEAN ၊ အိမ်နီးချင်း နှင့် အင်အားကြီးနိုင်ငံများအပါ နိုင်ငံတကာအသိုင်းအဝိုင်းက တတက်တအား ကူညီပေးနိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းအပါအဝင် ပြည်တွင်းပြည်ပ အကြပ်အတည်း ကိုယ်စီရှိကြ၍ဖြစ်သည်။ အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုကို ပုံအောထောက်ခံခြင်းထက် ဘက်ပေါင်းစုံနှင့် ဆက်ဆံသည့် အထိုင်သည်သာ သူတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ပိုသင့်တော်သည်ဟု ရှုမြင်သော ကြောင့်လည်း ဖြစ်သည်။

အရပ်စကားဖြင့်ဆိုရလျှင် မြန်မာပြည်သူတွေ ကိုယ့်အရေး ကိုယ်တိုင်လုပ်၊ ရလဒ်အပေါ်မူတည်ပြီး အလိုက် အထိုက်ဆက်ဆံမည်ဆိုသည့် အရှိတရားဖြစ်သည်။

သို့သော် နိုင်ငံတကာအခန်းကဏ္ဍကို လျစ်လျူရှု၍ မရပါ။ အထူးသဖြင့် အိမ်နှီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များနှင့် အာရှနိုင်ငံကြီးများသည် တော်လှန်ရေးအင်အားစုများကို အထောက်အကူမပြုသည့်တိုင် သူတို့၏ ဆိုးကျိုးပြုမှုကို ကန့်သတ်နိုင်ရန် အရေးကြီးသည်။ ထို့အတွက် သူတို့နိုင်ငံအသီးသီး၏ ပြည်တွင်းအခင်းအ ကျင်း၊ အစိုးရအဆက်ဆက် နိုင်ငံတကာဆက်ဆံရေးဓလေ့၊ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် သူတို့၏ မဟာဗျူဟာအကျိုးစီးပွားနှင့် အကြပ်အတည်းဆက်နွယ်မှုများကို နားလည်ရန်အရေးကြီးသည်။

ထို့အပြင် မြန်မာပြည်အပေါ်ထားသည့် သဘောထားနှင့် မူဝါဒများ၊ သူတို့နှင့် စစ်ကောင်စီကြား ဆက်ဆံရေး/ ပူးပေါင်းဆောင်ရွက်ရေးကိုသာ အလေးထားစောင့်ကြည့်ခြင်းသည် မလုံလောက်ပါ။ တော်လှန်ရေး ဦးဆောင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာကိုယ်စား နိုင်ငံတကာဥပဒေ လက်မှတ်ထိုးရေး၊ တော်လှန်ရေးအင်အားစုများကို နိုင်ငံတကာအသိအမှတ်ပြုထောက်ခံရေး၊ စစ်ကောင်စီကို ဖိအားပေး အရေးယူရေးစသည့် လုပ်ငန်းစဥ်မက ဗျူဟာမကျ ဆောင်ရွက်မှုများနှင့်လည်း မလုံလောက်ပါ။

တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံတကာဆက်ဆံရေးမဟာဗျူဟာကို ရှင်းရှင်းလင်းလင်း အထိုင်ချ နိုင်မှသာ ခရီးတာပိုရောက်မည်ဖြစ်သည်။ ထိုအထိုင်အတွက် ထည့်သွင်းစဥ်းစားရမည့် အချက်တချို့မှာ

အင်အားမဲ့ ဖိနှိပ်ခံမှ ကမ္ဘာ့ ဦးဆောင်မှုသို့

Knowledge is power (သိမှုသည် အင်အား/အာဏာ) ဖြစ်သည်ဟု ဆိုကြသည်။ သိမှုရှိပြီး အတွေ့အကြုံ မရှိသူသည် လက်တွေ့မကျနိုင်ဟုလည်း ဆိုကြသည်။ သိမှုနှင့် အတွေ့အကြုံသည် အင်အားဖြစ်သည်ဆိုပါက မိမိတို့၏ သိမှုနှင့် အတွေ့အကြုံများကို အင်အား (အရင်းအမြစ်) အဖြစ်ဖန်တီးရမည်။ ဘာသာလူမျိုး စုံလင် ကွဲပြားသည့်လူ့အဖွဲ့အစည်းတွင် ဖိနှိပ်မှု၊ ပဋိပက္ခနှင့် ဆင်းရဲကြပ်တည်းမှုများကို နှစ်ဆယ်စုများစွာ ခံစားလာ ရခြင်းသည် မြန်မာတို့အတွက် အတွေ့အကြုံဖြစ်သည်။ ထိုအတွေ့အကြုံကြောင့် ဖိနှိပ်မှုအကြောင်း သိနား လည်ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်စာ သိမှုနှင့် အတွေ့အကြုံဖြစ်သည်။

လက်ရှိအနေအထားတွင် ထိုသိမှုနှင့် အတွေ့အကြုံများကို အရင်းအမြစ်များအဖြစ် မပြောင်းလဲနိုင်သည့် အတွက် နိုင်ငံတကာတွင် မိမိတို့သည် အင်အားမဲ့ဖိနှိပ်ခံများ၊ နိုင်ငံတကာ၏ကူညီဖေးမမှုကိုသာ မျက်နှာ သူငယ်လိုက်တောင်းနေကြသူများ၊ တနည်းပြောရလျှင် သူများတိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုး (သို့ မဟုတ်) သူတို့အတွက် နိုင်ငံရေးကုန်ကျစရိတ် (Liability) များဆိုသည့် ပုံရိပ်သက်သက်ဖြစ်နေသည်။

အမှန်မှာ မြန်မာတော်လှန်ရေးအင်အားစုများသည် ခံစားနစ်နာကြရသူများ (Victim) ၊ Liability နှင့် နိုင်ငံ တကာစနစ်၏ အစွန်အဖျားအဆင့်သာ မဟုတ်ပါ။ ဖိနှိပ်မှုအကြောင်း၊ ဆင်းရဲမှုအကြောင်း ဆယ်စုနှစ်ချီ အတွေ့အကြုံများရှိပြီး ထိုအကြောင်း ကောင်းကောင်းနားလည်သဖြင့် ကမ္ဘာ့အဝှမ်း ဖိနှိပ်မှုပပျောက်ရေး၊ ဆင်းရဲမှုပပျောက်ရေးကို ဦးဆောင်ရမည့် Global Asset (ကမ္ဘာ့အရင်းအနှီးပိုင်ဆိုင်မှု) ဖြစ်သည်။ ဤ အချက် ဖြင့် ကမ္ဘာတလွှား လူထုအခြေပြု ဖက်ဒရယ်အုပ်ချုပ်မှု၊ လူထုအခြေပြုငြိမ်းချမ်းရေးနှင့် လူမှုဖူလုံရေးအတွက် ရှေ့တန်းမှ ဦးဆောင်မည်ဆိုသည့် Leadership နေရာကို ကိုယ်တိုင်တည်ဆောက်ရမည်။

ဤရည်မှန်းချက်ကို အပေါ်ယံကြည့်ပါက လေပေါ်တွင်တိုက်ဆောက်မည့်အလား ရှိလိမ့်မည်။ ယခုလော လောလတ်လတ်တွင် ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများကို စာနာဖေးမရမည့်အစား အင်အားအလွန်အကျွံ သုံးသည့် အစ္စရေးအစိုးရကို ဝမ်းပမ်းတသာထောက်ခံအားပေးကြသည့် နွေဦးတော်လှန်ရေးသမားများ၏ နိုင်ငံရေးရေချိန်နှင့် နိုင်ငံတကာအမြင်ကိုကြည့်ပါက ဖိနှိပ်ခံဘဝမှ ကမ္ဘာတလွှားဖိနှိပ်မှု လွတ်မြောက်ရေး အတွက် ဦးဆောင်မှုပေးနိုင်ရေးဆိုသည့် မဟာဗျူဟာအထိုင်သည် လက်တွေ့နှင့် အလှမ်းဝေးကွာသကဲ့သို့ ဖြစ်နေသည်။

သို့သော် ဆန်းသစ်တီထွင်ခြင်းဆိုသည်မှာ မရှိသေးတာကို ရှိအောင်လုပ်ခြင်း၊ မဖြစ်နိုင်သေးတာကို ဖြစ် အောင်လုပ်ခြင်းဖြစ်သည်။ အကုန်အကျ/ဝန်ထုပ်ဝန်ပိုး Liability ပုံရိပ်မှ Global Assets နှင့် ဦးဆောင်မှု ပုံရိပ် သို့ပြောင်းခြင်းသည် အချိန်ယူရမည်ဖြစ်သော်လည်း ရေတို၊ ရေရှည် နိုင်ငံတကာဆက်ဆံရေး အထိုင်တခု ဖြစ် ရမည်။ လွတ်လပ်ပြီးစကာလ စစ်တလင်း လောလောလတ်လတ်ကြားမှပင် နိုင်ငံတကာ ဘက်မလိုက်လှုပ် ရှားမှုကို အခြားနိုင်ငံခေါင်းဆောင်များနှင့် ပူးတွဲဦးဆောင်ခဲ့သည့် မြန်မာခေါင်းဆောင်များသည် သာဓက တခု ဖြစ်သည်။ နိုင်ငံတကာအရေးနားလည်မှု၊ စိတ်ဓာတ်ခံယူမှု၊ လူ့တန်ဖိုးနှင့် အနာဂတ်အတွက်အမြင်များကို တော့ ပြောင်းရမည်။

နိုင်ငံတကာအမြင် (Global Outlook)

နှစ်ဆယ်စုများစွာ ဖိနှိပ်မှုကြောင့် မြန်မာတို့၏ စိုးရိမ်မှုနှင့် ဦးစားပေးမှုများသည် ပြည်တွင်းရေးဖြစ်သည်။ အသောမသတ် ပဋိပက္ခများ၊ ဖိနှိပ်မှုများ၊ ဆင်းရဲကြပ်တည်းမှုများနှင့် နှစ်မွှန်းနေကြရသည့်အတွက် မြန်မာ တို့၏အမြင်သည် ကိုယ့်အတွင်းဘက်ကို ဦးစားပေးကြည့် (Inward looking) ပိုပို ဖြစ်လာပြီး နိုင်ငံတကာ အမြင် အားနည်းလာသည်။

မြန်မာပြည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးသည် ဦးစား ပေးဖြစ်သော်လည်း မိမိတို့၏အမြင်၊ စဥ်းစားမှု၊ ရပ်တည်မှုနှင့် ချဉ်းကပ်မှုတို့သည်လည်း နိုင်ငံတကာအမြင် (global outlook) ဖြစ်ရန် အရေးကြီးသည်။ ဤ ၂၁ ရာစုတွင် Global outlook မရှိပါက နိုင်ငံတကာအခင်း ကျင်းကို နားလည်မည်မဟုတ်သကဲ့သို့ ပုခုံးခြင်းယှဥ်ရန်မဆိုနှင့် ဝင်ဆံ့မည်တောင် မဟုတ်ပါ။ မိမိတို့ကို အခြားနိုင်ငံများက အပေါ်ယံထက်ပိုပြီး ဆက်ဆံလိမ့်မည်မဟုတ်ပါ။

ပထဝီနိုင်ငံရေး (Non-Alignment လား Multi-alignment လား)

အာရှနိုင်ငံများသည် နိုင်ငံတကာရေးရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ လူစွာလုပ်မှု ကို မကြိုက်သော်လည်း လုံခြုံရေး၊ စီးပွားရေးလိုအပ်ချက်များအရ အနောက်တိုင်းနှင့် ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်လေ့ရှိသည်။ တချိန်တည်းတွင် တရုတ်၊ ရုရှတို့နှင့်လည်း ဆက်ဆံရေးတည်ဆောက်သည်။ တဖက်ဖက်၏ နောက်လိုက်ဆိုသည့် တံဆိပ်ကပ်မခံရအောင် ထိန်းညှိကြရာတွင် ယခင်က ဘက်မလိုက် ဆိုသည့်နည်းလမ်းဖြင့် ချည်းကပ်ကြသည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း၌ ကြားနေ/ဘက်မလိုက် (Non-Alignment) အစား multipolar အခင်းအကျင်းတွင် ဘက်ပေါင်းစုံနှင့် ကိုက်ညီဆက်ဆံရေး (Multi-alignment) ဆိုသည့် အဆိုတင်လာကြသည်။ စင်္ကာပူနိုင်ငံခြား ရေးရည်မှန်းချက်တွင် အားလုံးအတွက် မိတ်ဆွေ၊ ဘယ်သူ့အတွက်မှ​ရန်သူမဖြစ်ရေးဆိုသည့် အချက်သည် မှတ်သားစရာကောင်းသည်။

မြန်မာနွေဦးအင်အားစုများအနေဖြင့် အနောက်တိုင်းလက်ဝေခံဟု တံဆိပ်ကပ်ခံထားရခြင်းကို ပြန်ချေဖျက် ရမည်။ အနောက်တိုင်းကို ရန်ထောင်ပြရန်မဟုတ်သလို အာဏာရှင်တပိုင်းအာရှနိုင်ငံများ၏ နိုင်ငံရေး အောက်ဝင်ရန်လည်း မဟုတ်ပါ။ မိမိပထဝီနိုင်ငံရေးအထိုင်သည် Multipolar world တွင်

အမှန်တကယ် ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်သည့် အထိုင်ပေါ်လွင်ရန်

နိုင်ငံတိုင်းနှင့် သဟဇာတဖြစ်သည့် Multi-alignment မူဝါဒဖြစ်ရန်

စည်းကမ်းအခြေပြု နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး (rule-based international cooperation framework) ဆိုသည့် နိုင်ငံတကာဘာသာစကားကို သံတမန်နည်းလမ်းဖြင့် ကစားနိုင်ရန်

နိုင်ငံတကာစနစ်အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုအခြေခံဖြင် ၂၁ ရာစု ကမ္ဘာ တွင် လူထုအခြေပြု ဖက်ဒရယ်၊ ဒီမိုကရေစီ၊ ဖူလုံချမ်းငြိမ်းရေးနှင့် တရားမျှတရေးရှေးရှုပြီး ကမ္ဘာအနှံ့ ဖိနှိပ်ခံများ၏ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဘာသာလူမျိုး/ကျား-မ/လူတန်းစား တန်းတူ တရားမျှတ ရေး ဆောင်ရွက်နိုင်ရန်

နိုင်ငံငယ်များ၏ လုံခြုံရေးနှင့် တန်းတူမျှတအကျိုးခံစားခွင့်အတွက် လိုက်ပါကြိုးပမ်းနိုင်ရန်

စသည့် နိုင်ငံတကာဆက်ဆံရေး ကိုယ်ပိုင်ပုံရိပ် ပေါ်လွင်အောင် တည်ဆောက်ရမည်။

မဟာဗျူဟာအရ နိုင်ငံအားလုံးနှင့် သဟဇာတဖြစ်သည့် နိုင်ငံခြားဆက်ဆံရေး အထိုင်ဟုဆိုသော်လည်း အခြေခံတန်ဖိုးနှင့် လူသားဖြစ်မှုစံနှုန်းများ ခိုင်မြဲရန်လိုသည်။ အာဏာရှင်နိုင်ငံများ၊ ဖက်ဆစ်လမ်းကြောင်း ပေါ်သွားနေသော နိုင်ငံများ၊ ပြည်သူလူထုကို နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်နေသော အစိုးရများနှင့် ဆက်ဆံရာ တွင် တန်ဖိုး၊ အခြေခံများ၊ စံများကို ချိုးဖောက်ပါက မိမိတို့သည်လည်း ကြောင်သူတော် တော်လှန်ရေး အင်အားစုသာဖြစ်ပေလိမ့်မည်။ ကမ္ဘာ့ဖိနှိပ်ခံအားလုံး လွတ်မြောက်ရေးအတွက်ဦးဆောင်မည့် အင်အားစု ရည်မှန်းချက်သည်လည်း ဖြစ်မြောက်မည်မဟုတ်ပါ။

ဆက်ဆံရေးဆိုရာမှာလည်း မဟာမိတ်ပြုရေး၊ မိတ်ဖွဲ့ရေးကိုချည်း ဆိုလိုခြင်းမဟုတ်။ ဘယ်အဆင့် ဘယ်မိတ်ဆွေဖြင့် မည်သို့သာ ဆက်ဆံမည် စသည့် ဆောင်ရန် ရှောင်ရန် တို့အပါဖြစ်သည်။

အာရှနိုင်ငံများနှင့်ဆက်ဆံရေးတည်ဆောက်ခြင်း

အာရှနိုင်ငံကြီးများသည် ကမ္ဘာ့နိုင်ငံရေး ပါဝါချိန်ခွင်အားညီမျှမှုအခင်းအကျင်းတွင် အချင်းချင်းဆက်စပ်နေ ကြသည်။ အငြင်းအခုံနှင့် ပဋိပက္ခများရှိသော်လည်း တနိုင်ငံနှင့်တနိုင်ငံ မပွတ်တိုက်မိအောင် သတိထား လေ့ရှိသည့်အတွက် မြန်မာပြည်အရေးကြောင့် သူတို့အချင်းချင်းကြား ဆက်ဆံရေးထိခိုက်မှာကို ကြိုရှောင် ကြသည်။ တနိုင်ငံမကြိုက်သည့် ချဉ်းကပ်မှုကို အခြားတနိုင်ငံက သတိထားသည်။

အိမ်နီးချင်းအပါအဝင် အာရှနိုင်ငံများ၏လုပ်ရပ်သည် သမိုင်းတလျှောက် စစ်အာဏာရှင်စနစ်ကို တဖက်သတ် အထောက်ကူပေးရာ ရောက်ခဲ့သည်။ သို့သော် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် အာဆီယံ နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် အာရှနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်ရန် အရေးကြီးသည်။ အဓိကရည်မှန်းချက်မှာ ထိုနိုင်ငံများအနေဖြင့် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို ကူညီဖေးမလာရေးမဟုတ်ဘဲ တော်လှန်ရေးကို ဆိုးကျိုးမပြုအောင် ထိန်းနိုင်ရေးအတွက် ဖြစ်သင့်သည်။

ထို့အပြင် ထိုနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းမှာ ဒီမိုကရေစီနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံကြီး များကို အပြန်အလှန်ထိန်းညှိရန် မိမိလက်ထဲတွင် နိုင်ငံရေးဖဲချပ်များရှိထားရန်ဖြစ်သည်။ ဥပမာ – မြန်မာ အရေးကို ထိထိရောက်ရောက်မကူညီသည့် အနောက်တိုင်းကို ထိန်းညှိရန် တရုတ်ဖဲချပ်လိုသည်။ တရုတ် နိုင်ငံကို ပြန်ထိန်းညှိရန် ဂျပန်နှင့် အိန္ဒိယ ဖဲချပ်လိုသည်။ စကစကို မျက်နှာလုပ်ထောက်ပံ့နေသည့် အိန္ဒိယကို ထိန်းညှိရန် သူ့ပြိုင်ဘက် တရုတ်နှင့် တောင်အာရှနိုင်ငံ ဖဲချပ်များလိုသည်။

နောက်ထပ် ထည့်သွင်းစဥ်းစားရမည့် ချည်းကပ်မှုဆိုင်ရာနှင့် စနစ်တကျ ချပြရန်လိုအပ်သည့် အချက်အချို့ မှာ

မြန်မာတော်လှန်ရေးအင်အားစုများကို ထောက်ခံခြင်းဖြင့် အာရှနိုင်ငံများအနေဖြင့် ရရှိမည့် အကျိုး ရလဒ်အကြောင်း

အာဏာရှင်အဆုံးသတ် ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရေးလှုပ်ရှားမှုသည် အတွေးအခေါ်နှင့် ဆန္ဒ wishlist သက်သက်မဟုတ်ဘဲ လက်တွေ့ကျသည့် လှုပ်ရှားမှုဖြစ်ခြင်းအကြောင်း

နိုင်ငံဖရိုဖရဲပြိုလဲမှာမဟုတ်ဘဲ ရေရှည်တည်ငြိမ်ပြီး အိမ်နီးချင်းနှင့် ဒေသတွင်း ကုန်သွယ်ရေး၊ တည် ငြိမ်ရေး၊ လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကိုအာမခံနိုင်မည့် bottom-up အခင်း အကျင်း ဖြစ်ခြင်းအကြောင်း

​ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက် စီမံကိန်းများကို မျှမျှတတ အကျိုးခံစားခွင့် ရရှိရေး အတွက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးအကြောင်း

အာရှဒေသတွင်းသာမက အခြားဒေသများရှိ နိုင်ငံကြီး၊ နိုင်ငံငယ်များနှင့်လည်း ရည်မှန်းချက်တူ ပူးပေါင်းဆောင်ရွက်မှုများ၊ ဖော်ရမ်များ၊ မိတ်ဖက်များ၊ လှုပ်ရှားမှု အစုအဖွဲ့သစ်များကို ဦးဆောင် သို့မဟုတ် ပါဝင်မည့်အကြောင်း စသည်တို့ဖြစ်သည်။

ခေတ်အဆက်ဆက်အားနည်းချက်

ခေတ်အဆက်ဆက် တော်လှန်ရေးအင်အားစုများ၏ အားနည်းချက်တစ်ခုမှာ မိမိလက်ရှိ အနေအထား/ အကန့်အသတ်အတွင်းကနေပင် ပြည်သူ-ပြည်သူချင်းဆက်ဆံရေးအပါအဝင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး (institutional relations) မတည်ဆောက်နိုင်ခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရန် လိုအပ်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး/ပညာရှင်ကွန်ရက်၊ အဖွဲ့အစည်းကွန်ရက် စသည်တို့အတွက် လုံလောက်သည့် ရင်းနှီး မြှုပ်နှံမှုလည်း မရှိခဲ့ပေ။

နိုင်ငံတကာဆက်ဆံရေးကို လက်တန်း (သို့မဟုတ်) မီးစင်ကြည့်ကနေသည့် ဓလေ့ အရိုးစွဲနေသည်။ ရှင်းလင်း သော မဟာဗျူဟာအထိုင်မရှိသကဲ့သို့ သံတမန်ကျွမ်းကျင် နိုင်ငံခြားဆက်ဆံရေး ပရော်ဖက်ရှင်နယ်များ မွေးထုတ်ရာတွင်လည်း အားနည်းခဲ့သည်။

သို့ရှိရာ သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားတတ်ကျွမ်းမှုမှအစ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု နှင့် သူတို့၏ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံအခင်းကျင်း နားလည်ကျွမ်းကျင်သူများစွာ မွေးထုတ်ပေးရမည်။

ကိုယ့်အခြေအနေအကန့်အသတ်အတွင်းမှပင် နိုင်ငံခြားဆက်ဆံရေးဗျူဟာနှင့်ချည်းကပ်မှုကို အမြဲဆန်းသစ် တီထွင်နေရမည်။ ရှေးပြေး/အဆင့်မှီ cutting edge သုတေသနနှင့် နိုင်ငံတကာဆက်ဆံရေး Public Relations လုပ်ငန်းများအတွက်လည်း ရင်းနှီးမြှပ်နှံရမည်။ ထို့အတွက် လုပ်တွေ့ အလုပ်ခရီးတွင်မည့် အားကောင်းသည့် သီးသန့် အလုပ်အဖွဲ့ ထားရမည်။

ပြန်ချုပ်ရလျှင် –

တော်လှန်ရေးအင်အားစုများအနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေးမဟာဗျူဟာကို ရှင်းရှင်းလင်းလင်း အထိုင်ချရန်လိုအပ်သည်။ ကမ္ဘာ့ဇာတ်ခုံ အစွန်အဖျားအဆင့်ကနေ ၂၁ ရာစု ပင်မနိုင်ငံတကာရေးရာ ရေစီး ကြောင်းတွင် မပါမဖြစ်အခန်းကဏ္ဍမှ ပါဝင်သည့် အင်အားစုအဆင့်၊ မြန်မာ့အရေးချည်းသာမက ဖိနှိပ်မှု လွတ်မြောက်ရေးကဲ့သို့သော ကမ္ဘာ့ရေးရာများကို ဦးဆောင်သည့် အင်အားစုအဆင့် ရောက်အောင် ပို့ပေးနိုင်မည့် အထိုင်ဖြစ်ရန်လိုသည်။

ထိုဗျူဟာအထိုင်သည် ကိုယ့်ကိုယ်ကို ပြန်တုပ်နှောင်မည့် လှေနံဓားထစ်၊ ဒြပ်မဲ့ စိတ်ကူး၊ အတွေးအခေါ် Wish list မဖြစ်ရပါ။ လက်တွေ့ကျရမည်။ အခင်းအကျင်း အပြောင်းအလဲအလိုက် လိုက်လျောညီထွေစွာ ပြုနိုင်ပြောင်းနိုင်ရမည်။ အကောင်အထည်ဖော်လို့ရသည့် စီမံကိန်းဖြစ်ရမည်။

ထိုအထိုင်သည် လက်ရှိမိမိတို့၏ ပုံရိပ်/အနေအထားဖြစ်သည့် ဖိနှိပ်ခံ၊ အကူအညီမျှော်လင့်သူ (တနည်း Liability) အဆင့်မှ ကမ္ဘာတဝှမ်းဖိနှိပ်မှုလွတ်မြောက်ရေးအတွက် အရင်းအမြစ် (Asset) ဖြစ်ကြောင်း၊ ဦးဆောင်သူ (Leadership) ဖြစ်ကြောင်း ပုံရိပ်သစ်ပေးနိုင်ရမည်။ ထိုပုံရိပ်သစ်နှင့် လေးစားအသိအမှတ်ပြုမှု ရရေးအတွက် မိမိတို့၏ မဟာဗျူဟာနှင့် ချည်းကပ်မှုကို နိုင်ငံရေးနှင့် သံတမန် narrative စနစ်တကျဖြင့် တည်ဆောက်နိုင်ရန်လည်းလိုအပ်သည်။​

ပြောင်းလဲလာနေသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် ကျွမ်းကျင်စွာ လိုက်ပါဆောက်ရွက်နိုင်ရေးအတွက် နိုင်ငံတကာရေးရာကို နားလည်ရမည်ဖြစ်သလို မှန်ကန်သည့်ခံယူချက်ခိုင်မာရန်နှင့် နိုင်ငံတကာ ဦးဆောင်မှု အမြင် ထက်မြတ်ရန်လည်း လိုအပ်သည်။

ဤအရေးသည် အပြောလွယ်ပြီး လက်တွေ့ခက်လိမ့်မည်။ ယခုအခင်းအကျင်းအရ လေပေါ်တွင် အိမ် ဆောက်မည့်အလားဖြစ်နေသော်လည်း လွတ်လပ်ပြီးစကာလ နိုင်ငံတကာအခင်းအကျင်းတွင် ဘက်မလိုက် လှုပ်ရှားမှု (Non-alignment movement) ကို အခြားနိုင်ငံခေါင်းဆောင်များနှင့် အတူတကွ ဦးဆောင်မှုပေးခဲ့ သော မြန်မာ ခေါင်းဆောင်များသည် သာဓကတစ်ခုဖြစ်သည်။