ပြုပြင်ပြောင်းလဲမှုများကို စောင့်မျှော်နေရသော တရုတ် လူလတ်တန်းစားများ

The HK Post

တရုတ်လူလတ်တန်းစားများသည် မိမိတို့ကိုယ်ကို အားပေးရင်း ပိုမိုကောင်းမွန်သော အခွင့်အရေး နှင့် အချိန်အခါ ကို စောင့်မျှော်နေရသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ တချိန်က တရုတ်နိုင်ငံ ကြွယ်ဝချမ်းသာမှု တွင် အဓိကကျသော လူလတ်တန်းစားများသည် ယခုအခါ ယုံကြည်မှု ပျောက်ဆုံးနေကြပြီး နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို စောင့်မျှော်နေကြသည်။

ထင်ရှားသော တရုတ်မြို့ကြီး ၃၈ မြို့ရှိ ပျမ်းမျှလုပ်ခလစာများသည် ၂၀၂၃ နောက်ဆုံး သုံးလပတ်တွင် ၁ ဒသမ ၃ % သို့ ကျဆင်းသွားကြောင်း တရုတ် အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်း တခု က ဖော်ပြထားသည်။ ၎င်းသည် ၂၀၁၆ နောက်ပိုင်းအကြီးမားဆုံး ကျဆင်းမှု ဖြစ်သည်။ တရုတ်လူလတ်တန်းစားများ ၏ ယုံကြည်မှုကို မြှင့်တင်ရန် ပုဂ္ဂလိက ကဏ္ဍ ကို တွန်းအားပေးရမည်ဟု လေ့လာသုံး သပ်သူများက ဆိုသည်။

လစာဖြတ်တောက်ခြင်းနှင့် အလုပ်ထုတ်ခြင်းများသည် ရုံးဌာနများတွင် ပုံမှန်ဖြစ်လာသည်။ စတော့ဈေးကွက်နှင့် တရုတ် အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုကြောင့် ကုမ္ပဏီများသည် လုပ်သားအင်အား လျှော့ချရမည့် ဖိအားနှင့် ရင်ဆိုင်နေကြရသည်။ မသေချာမှုများကြားမှ ၂၀၂၄ တွင် တရုတ်လူလတ်တန်းစားများသည် ပိုမိုဆိုးရွားသော နေ့ရက်များနှင့် ရင်ဆိုင်ရပေမည်။

တရုတ်လူလတ်တန်းစား ၄၀ % ခန့်သည် ၂၀၂၃ တွင် ချမ်းသာကြွယ်ဝမှု အနည်းဆုံး ၁၀ % အထိ လျော့ကျသွားခဲ့ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတခုအရ သိရသည်။ ယင်းကြောင့် အစိုးရ ပြဋ္ဌာန်းခဲ့သော ယခင်မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံသူနိုင်ငံသားများကြားတွင် ယုံကြည်မှု ပျက်ပြားသွားပြီး တရုတ်စီးပွားရေးကို နှောင့်နှေးစေခဲ့သည်။လူလတ်တန်းစား မိသားစုများသည် ငွေကြေး စီမံခန့်ခွဲရန် ရုန်းကန်နေရသဖြင့် ၎င်းတို့၏ သားသမီးများကို ကျောင်းမှ ထုတ်ပစ် ရမည့် အခြေအနေထိ ဖိအားများရှိလာသည်။ ထိပ်တန်းတရုတ်နိုင်ငံတကာကျောင်းများတွင် စာရင်းသွင်းထားခဲ့ကြသော လူလတ်တန်းစားမိဘများသည် ယခုအခါ ပညာရေးစရိတ်စက များလာသောကြောင့် ကျောင်းများမှာ ကျောင်းသားရှားပါးမှု နှင့် ရင်ဆိုင်နေရသည်။

တချိန်က အိမ် တလုံး ပိုင်ဆိုင်သော လူလတ်တန်းစားများ သည် လူနေမှု မြင့်မားသည်ဟု သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ အိမ်ခြံမြေတန်ဖိုးကျဆင်းမှုကြောင့် ပိုင်ဆိုင်မှု တန်ဖိုး လည်း ကျဆင်းခဲ့ကြရသည်။ လောင်စာဆီဈေး မြင့်မားသောကြောင့် အရောင်းပြခန်းများတွင် ရောင်းချခြင်း မပြုနိုင်သည့် ဇိမ်ခံကားများ အစုလိုက်အပုံလိုက် ရှိနေပြီး တန်ဖိုးဆုံးရှုံးကြရသည်။ တစ်ချိန်က ကြွယ်ဝချမ်းသာခဲ့ကြသော လူလတ်တန်းစားများသည် ယခုအခါ ငွေကြေးမတည်ငြိမ်မှုကြောင့် အသုံးစရိတ်ကို လျှော့ချကြရပြီး Mega marketplace တွင် ရောင်းမထွက်သော ဇိမ်ခံပစ္စည်းများ စုပုံနေသည်။ အဆိုပါဖြစ်ရပ်များသည် လူသန်းပေါင်း ၄၀၀ ကျော်ခန့်ရှိသော တရုတ်လူလတ်တန်းစားများ ၏ စိတ်ဓာတ်ကျဆင်းနေသော လက္ခဏာဖြစ်ပြီး အစိုးရမူဝါဒများအပေါ် ယုံကြည်မှု လျော့ပါးလာနေပြီဖြစ်သည်။

တရုတ် အိမ်ခြံမြေဈေးကွက်သည် အားနည်းနေပြီး စံညွှန်း CSI ၃၀၀ စတော့အညွှန်းကိန်း တန်ဖိုး ၏ သုံး ပုံ တပုံ ခန့် ဆုံးရှုံးသွား၍ ထိခိုက်လွယ်သော စီးပွားရေးအခြေအနေဖြစ်သည်။ ယင်းကြောင့် လူလတ်တန်းစား စားသုံးသူများ အားနည်းလာပြီး ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်၍ လူငယ်အလုပ်လက်မဲ့များ မြင့်မားလာသည်။ တရုတ်လူမျိုးများသည် အသုံးစရိတ်နည်းပြီး စုဆောင်းမှုများ၍ အန္တရာယ်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ကြသည်။ တရုတ်ဗဟိုဘဏ်၏ အချက်အလက်များအရ ၂၀၂၄ ဖေဖော်ဝါရီတွင် နိုင်ငံအတွင်း မိသားစု စုဆောင်းငွေသည် ဒေါ်လာ ၁၉ ဒသမ ၈၃ ထရီလီယံအထိ မြင့်တက်လာခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း စားသုံးသူများ ၏ ယုံကြည်မှု အားနည်းခြင်းကို ဖော်ပြနေသည်။

တရုတ်တွင် အားနည်းသော ငွေကြေးအခြေအနေကြောင့် လူလတ်တန်းစားဦးရေ နှစ်စဉ် လျော့နည်းလာသည်။ တရုတ် လူလတ်တန်းစား ၃ ပုံ ၂ ပုံမှာ ဝင်ငွေနိမ့်ကျသော အုပ်စုအတွင်းသို့ ရောက်ရှိ သွားကြပြီး အချို့မှာ လူလတ်တန်းစား အခြေအနေမှ အောက်ဆုံးအဆင့်တွင် ရှိနေပြီး လျော့ကျနိုင်ဖွယ်ရှိသည်။ ၎င်းမှာ တိုင်းပြည်စီးပွားရေးကို ဆိုးကျိုးသက်ရောက်စေသည်။

တရုတ်တွင် အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ ဒီဇင်ဘာ တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိပြီး လူလတ်တန်းစားများတွင် ပိုမိုသက်ရောက်မှု ရှိသည်။ ၂၀၂၁ တွင် လူသန်း ၂၀၀ ကျော် (တရုတ် လုပ်သားအင်အား၏ သုံးပုံ တပုံနီးပါး) သည် တည်ငြိမ်ပြီး လစာကောင်းသည့် အလုပ်အကိုင်များ ရရှိကြသည်။ သို့သော် ၂၀၂၃ အထိ လစာ ဖြတ်တောက်ခံရသော ပညာတတ်ကျွမ်းကျင် လုပ်သား အများအပြားသည် အလုပ်လက်မဲ့ ဖြစ်ကြပြီး အချို့မှာ လစာတိုးခြင်း မရှိခဲ့ပေ။ အဓိက မြို့ကြီးများတွင် ၂၀၂၃ နောက်ဆုံး သုံးလပတ် ပျမ်းမျှလစာများသည် ၂၀၂၂ နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၃ % အထိ ကျဆင်းခဲ့သည်။

ရေရှည်တွင် တရုတ်လူလတ်တန်းစားမိသားစုများ၏ ဒုက္ခများကို ဖြေလျှော့ရန် မူဝါဒများရှိသည်။ အဓိကမူဝါဒ အပြောင်းအလဲများလုပ်ဆောင်ခြင်း၊ နိုင်ငံသားများ၏ သက်သာချောင်ချိရေးကို ဦးစားပေးခြင်း၊ ကျေးလက်နှင့် ရွှေ့ပြောင်း အလုပ်သမားများအား ပံ့ပိုးပေးခြင်းနှင့် ပြည်သူ့အိမ်ရာများ စီစဉ်ပေးခြင်းများသည် အစိုးရ အဖွဲ့များထံမှ လူလတ်တန်းစားများ မျှော်လင့်ထားသည့် သိသာထင်ရှားသော အပြောင်းအလဲ အချို့ဖြစ်သည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဝန်ထမ်းများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန်အတွက် ဗဟိုအစိုးရအနေဖြင့် နိုင်ငံအတွင်း သုံးစွဲမှုနှင့် အသုံးစရိတ်များကို မြှင့်တင်ရန် လုပ်ခလစာများကို အချိန်နှင့်တပြေးညီ ထုတ်ပေးနိုင်ရန် လိုအပ်သည်။

အချုပ်ဆိုသော် တရုတ် လူလတ်တန်းစားများကို မြှင့်တင်လိုပါက နိုင်ငံ၏ အလုပ်အကိုင်နှုန်းကို မြှင့်တင်ရန် လိုသည်။ လက်ရှိတွင် လူလတ်တန်းစားများအတွက် လုံလောက်သော အလုပ်အကိုင် အခွင့်အလမ်းများ မဖန်တီးနိုင်သေးသော်လည်း ဘွဲ့ရခါစလူငယ်များအတွက် လေ့ကျင့်ရေးအစီအစဉ်များ စတင်ခြင်း၊ အလုပ်သမားဟောင်းများအတွက် ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်းနှင့် အလုပ်လက်မဲ့များ ကြားတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို လှုံ့ဆော်ပေးခြင်းများ လုပ်ဆောင်နိုင်သည်။ တရုတ် စီးပွားရေး ပြန်လည်မြှင့်တင်နိုင်မှု သည် ၎င်း၏ ကျောရိုးဖြစ်သော ခိုင်ခံ့သည့် လူလတ်တန်းစားပေါ်တွင် သက်ရောက်နေသည်။ လူလတ်တန်းစားများကို ဘုံကြွယ်ဝမှုသဘောဖြင့် တန်းတူအခွင့်အရေးများ ပေးအပ်ခြင်းသည် တရုတ် နိုင်ငံ ပြန်လည် ရှင်သန်ခြင်း၏ အဓိက အချက် ဖြစ်သည်။