ကမ္ဘောဒီးယား သဘောထားကွဲလွဲသူများအား ထောက်ပံ့သည်ဆိုခြင်းအား ရှေ့သိုချီပါတီ ငြင်း 

Bangkok Post 

ကမ္ဘောဒီးယား အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ထိုင်းနိုင်ငံနေဖြင့် ထောက်ပံ့ပေးလျက် ရှိသည်ဆိုသော ကမ္ဘောဒီးယား နိုင်ငံရေးအုပ်စုတရပ်၏ စွပ်စွဲချက်ကို ထိုင်းအတိုက်အခံပါတီ ရှေ့သို့ချီပါတီက ငြင်းဆန်သည်။ 

ရှေ့သို့ချီပါတီ၏ လှုပ်ရှားဆောင်ရွက်မှုများအား စောင့်ကြည့်ပေးရန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းအား တိုက်တွန်းသည့် ခမာစည်းလုံးညီညွတ်ရေး မဟာနိုင်ငံပါတီ (KUGNP) ၏ စွပ်စွဲချက်အား ရှေ့သို့ချီပါတီက တုံ့ပြန်ခြင်း ဖြစ်သည်။ 

“ရှေ့သို့ချီပါတီဟာ ကမ္ဘောဒီးယားမှာ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုက အဖွဲ့တဖွဲ့ကို ထောက်ပံ့တာတွေ လုပ်နေတယ်၊ အစိုးရဆန့်ကျင် ဝါဒဖြန့်တာတွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ဘေးကင်းလုံခြုံရာအဖြစ် သူတို့က အသုံးချနေတယ်”ဟု နိုင်ငံရေးပါတီ ခုနစ်ခုနှင့် လူမှုအဖွဲ့ ခြောက်ဖွဲ့ မဟာမိတ်ပါတီက ထုတ်ပြန်ချက်တွင် ပြောသည်။ 

ရှေ့သို့ချီပါတီသည် ပြည်ပအစွန်းရောက်နိုင်ငံရေးသမားများအား နေရာပေးပြီး သင်တန်းများ ပေးနေကြောင်း KUGNP ဥက္ကဋ္ဌ ဟီအန်း ကင်ဆရိုအွန်းက ပြောကြောင်း Khmer Times သတင်းက ဖော်ပြသည်။ 

ကမ္ဘောဒီးယားက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု ထင်ရာစွပ်စွဲကြသော ပြည်ပနိုင်ငံရေးသမားများကို ရှေ့သို့ချီပါတီက သင်တန်းပေးနေသည်ဟု ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ ဥက္ကဋ္ဌ ကောင် ဘန်သိုအန်းက ပြောကြောင်း သတင်းစာက ဖော်ပြသည်။ 

အတိုက်အခံ မရှိသော ဇူလိုင်လ အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာ ၁၂၅ နေရာတွင် ၁၂၀ အနိုင်ရသည့် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် မဟာမိတ်ပြုထားသော အဆိုပါ ပါတီများက စွပ်စွဲခြင်းပဲ ဖြစ်သည်။ မဲရလဒ် ထွက်ပြီး အချိန်ပိုင်းတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ့သား ဟွန်မာနက်အား ခေါင်းဆောင်မှု လွှဲပြောင်းပေးလိုက်သည်။ 

ဒီမိုကရေစီနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ကမ္ဘာတလွှားက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများနှင့် အမြင်ချင်း ဖလှယ်မှု ရှိကြောင်း ရှေ့သို့ချီပါတီက ထုတ်ပြန်ချက်၌ ဆိုသည်။ သို့ရာတွင် ပါတီအနေဖြင့် နိုင်ငံခြားနိုင်ငံရေးအုပ်စု ဘယ်အုပ်စုနှင့်မှ အပြန်အလှန် ဆက်ဆံရေး ထူထောင်ထားခြင်း၊ သဘောတူထားခြင်းများ မရှိကြောင်း ဖြည့်စွက်ဆိုသည်။ 

“ရှေ့သို့ချီပါတီအနေဖြင့် ကမ္ဘောဒီးယားက နိုင်ငံရေး ပါတီတခု ပါဝင်သော မည်သည့် လှုပ်ရှားမှုကိုမှ စီစဉ်ခြင်း၊ ထောက်ပံ့ခြင်း မရှိကြောင်း” ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။)