ပုံအ‌ဟောင်းတွေနဲ့ ကလေးစစ်သား စုဆောင်းသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား

JC, ZZ

(မဇ္ဈိမ)။ ။ဓာတ်ပုံအဟောင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့က ကလေးစစ်သားတွေ စုဆောင်းသယောင် သတင်းတခုပျံ့နှံ့နေပါတယ်။

ရန်ကြီးအောင် (အောင်စစ်သည်) တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဓာတ်ပုံငါးပုံနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ကလေးစစ်သားစုဆောင်းနေကောင်း ရေးသားထားဖြန့်ဝေပါ တယ်။

“ဒါတွေဟာ တချိန်မှာ ကမ္ဘာကိုချပြရမယ့် အရာတွေပါ။ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေးသမားတွေ ဘယ်ဂျောင်မှာ ခွေပြီးသေနေကြတာလဲ။ မင်းတို့ပထွေး သောင်းကျန်းသူတွေကလုပ်လို့ ငြိမ်နေကြတာ လား” ဆိုပြီး ရေးသားထားတာပါ။

အဲဒီအကြောင်းအရာကို ကိုသက်တယ်လီဂရမ်ချန်နယ်က ပြန်လည်ကူးယူဖော်ပြထားပြီး ကြည့်ရှုသူ ၅,၈၀၀၀ အထိ ရှိနေပြီဖြစ်ပါတယ်။

အဲဒီပုံတွေနဲ့ပဲ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နန်းငယ်ချန်နယ်ကနေ TNLA အဖွဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းနေတယ်ဆိုပြီး ထပ်မံ ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ ၅,၀၀၀ အထိရှိနေပြီဖြစ်သလို ဖေ့စ်ဘုတ်မှာလည်း ပျံ့နှံ့နေပါတယ်။

မဇ္ဈိမရဲ့အချက်အလက်စစ်ဆေးသူတွေက အဲဒီပုံတွေကို အချက်အလက်စစ်ဆေးခဲ့ပါတယ်။ အဲဒီပုံတွေဟာ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ကဖြစ်စဉ်မှာ ပါဝင်တဲ့ပုံတွေဖြစ်နေတာကို‌ တွေ့ရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ပြည်သူ့စစ်တပ်ဖွဲ့ထဲရောက်နေတဲ့ တအောင်းတိုင်းရင်းသား ၁၂၇ ဦးကို TNLA က ကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်မှာ ဖော်ပြထားတဲ့ပုံတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ “စကစ၏ ဂျာယန်ပြည်သူစစ်မှ အတင်းအဓမ္မ သိမ်းသွင်းခေါ်ယူထားသော တအာင်းလူမျိုးများ(အသက်မပြည့်သည့် ကလေးငယ် ၂၀ ဦးအပါအဝင်) အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး”ဆိုတဲ့ စာသားနဲ့ တအောင်းပြည်နယ်တီဗွီ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖြန့်ဝေထားပါတယ်။
လင့် – https://bit.ly/3l80S8X

ဒါ့အပြင် ဒီအကြောင်းအရာကိုပဲ RFA မြန်မာပိုင်းအစီအစဉ်ကလည်း သတင်းဖော်ပြထားပါသေးတယ်။
လင့် – https://bit.ly/3REvMSN

အခုပျံ့နေတဲ့ပုံတွေဟာ အရင်လည်း စစ်ကောင်စီထောက်ခံသူတွေက သတင်းအမှားဖြန့်ဝေခဲ့ဖူးပြီး မဇ္ဈိမ က အချက်အလက် စစ်ဆေးထားခဲ့ဖူးပါတယ်။
လင့် – https://shorturl.at/ivCU2

ဒါကြောင့် အခုဖြန့်ဝေထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကလေးစစ်သား စုဆောင်းသ‌ယောင်၊ TNLA အဖွဲ့က ကလေးတွေကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ်စုဆောင်းတယ်ဆိုတဲ့ ရေးသား ချက်တွေဟာ ဖြစ်စဉ်အမှန်ပေါ်အခြေခံကာ ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲ တွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ဒီအခြေအနေပေါ်မူတည်ကာ စစ်‌တပ်ထောက်ခံသူတွေဆီက ဖြန့်ဝေတဲ့သတင်းတွေကို အထူးသတိပြု ဖတ်ကြဖို့ လိုပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။