တရုတ်၏ အိမ်ခြံမြေ အကြပ်အတည်းကြောင့် မလေးရှားနှင့်ကမ္ဘောဒီးယားတွင် တစ္ဆေမြို့ပြများ ပေါ်ပေါက်

Daily Mirror

မလေးရှား၏ Forest City နှင့် ကမ္ဘောဒီးယား၏ Sihanoukville တို့သည် တရုတ်၏ အိမ်ခြံမြေကဏ္ဍ အကြပ်အတည်းကို လွန်မင်းစွာ ခါးစည်းခံနေရသည်။

မလေးရှား ဂျိုဟောရှိ တဝက်တပျက်သာ ပြီးသေးသော Forest City မှသည် ကမ္ဘောဒီးယား၏ လွင်တီးခေါင် ကမ်းခြေ Sihanoukville တို့သည် တရုတ်အိမ်ခြံမြေကုမ္ပဏီကြီးများ၏ လွန်ကဲလွန်းသော ရည်မှန်းချက်နှင့် ကြောက်မက်ဖွယ် အကျိုးဆက်၏ သက်ရောက်မှုကို လှစ်ဟပြနေခြင်းပဲ ဖြစ်တော့သည်။

အဆိုပါ နေရာနှစ်ခုစလုံးအား ဒေသခံများက လက်ရှိတွင် တစ္ဆေမြို့ပြများ အဖြစ် နာမည်ပေးထားကြသည်။

တစ္ဆေမြို့များဆိုသည်မှာ အနီးနားချင်း အရပ်ဒေသမှ စွန့်ပယ်ပြီး တခါတရံ မြို့ပြဧရိယာတခုလုံး တည်ဆောက်ထားသည့်တိုင် လူနေထိုင်ကြခြင်း မရှိပေ။

ယင်းသည် တရုတ်၏ အိမ်ခြံမြေကဏ္ဍတွင် ဖွံ့ဖြိုးလွန်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုလမ်းကြောင်းအဖြစ် အိမ်ရာများအပေါ် မှီခိုအားထားခြင်း၏ သရုပ်သကန်ကို ရောင်ပြန်ဟပ်နေခြင်းပဲ ဖြစ်သည်။

တရုတ်၏ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းကြီး China Evergrande Group ၏ ကြွေးမြီပျက်ကွက်ခြင်းကြောင့် ၂၀၂၁ နှောင်ပိုင်း၌ အိမ်ခြံမြေပူဖောင်း ပေါက်ခဲ့သည်။ ၂၀၂၂ နှစ်ကုန်အထိ စုစုပေါင်း ကြွေးမြီက အမေရိကန်ဒေါ်လာ ဘီလီယံ ၃၄၀ ရှိသည်။ အလားတူကာလအတွင်းမှာပင် အခြားသော အဓိကအိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Country Garden သည်လည်း ပြည်ပငွေချေးစာချုပ်နှစ်ရပ်နှင့် ဆက်စပ်သည့် အတိုးပေးချေမှု ဒေါ်လာသန်းပေါင်းများစွာကို ပျက်ကွက်ခဲ့ရာ အိမ်ခြံမြေကဏ္ဍအတွက် နောက်ထပ် သောကဖိစီးမှု ဖြစ်ခဲ့သည်။

ယင်းဖြစ်စဉ်များက နိုင်ငံခြား ဖက်စပ်လုပ်ငန်းများအပေါ်တွင်လည်း ပဲ့တင်ရိုက်ခဲ့သည်။ တချိန်က အရှေ့တောင်အာရှ၏ အထွဋ်အထိပ် အိမ်ရာမြေဟု အမွှမ်းတင်ခဲ့သော Forest City သည် လက်ရှိတွင် တစပြင် ဖြစ်နေပေပြီ။

ယင်းမြို့ပြသည် စွန့်စားပြီး ရင်းနှီးမြုပ်နှံမှုနှင့် လွန်ကဲသော မြို့ပြစီမံကိန်း၏ ဘေးအန္တရာယ်ဆီ ဆွဲဆောင်နေသော သက်သေအဖြစ် ကျန်ရှိနေသည်။

လူထောင်ပေါင်းများစွာအတွက် ပျားပန်းခပ်မျှ စည်ကားသော မြို့ပြဧရိယာအဖြစ် ပုံဖော်သည့် ယင်းစီမံကိန်းက ခေတ်မီပြီး ချမ်းသာကြွယ်ဝခြင်းကို ကတိပြုသော်လည်း ယင်းအစား ယိုယွင်းနေသော အခြေအနေဖြင့်သာ အဖတ်တင် ကျန်ရစ်သည်။

တရုတ်၏ အိမ်ခြံမြေပူဖောင်း ပေါက်ခြင်းနှင့်အတူ Forest City သည် ဖဲချပ်အိမ်ပမာ ပြိုကျသွားတော့သည်။

ဟင်းလင်းဖြစ်နေသော မိုးမျှော်တိုက်များနှင့် ရည်မှန်းချက်များကို စွန့်လွှတ်လိုက်ရသည်။

ဝမ်းနည်းစရာပင် Forest City သည် တရုတ် တစ္ဆေမြို့ပြ ဇာတ်လမ်းများ၏ ဇာတ်လမ်းတပုဒ်သာ ဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားက Sihnoukville သည်လည်း တရုတ်အိမ်ခြံမြေအဖွဲ့အစည်းများ ထွက်ခွာခြင်းကြောင့် တော်တော်များများ လက်စမသတ်သည့် စီမံကိန်းများနှင့်အတူ ပြန့်ကျဲနေသော ကမ်းရိုးတန်းအပန်းဖြေမြို့အဖြစ် ကျန်ရစ်သည်။

တရုတ်ငွေလုံးငွေရင်း စီးဝင်မှုကြား “ဒုတိယမကာအို” ဟု တချိန်က မှည့်တွင်ခဲ့သည့် Sihanoukville သည် လက်ရှိ၌ စီးပွားရေး ကျဆင်းမှုနှင့် နပန်းလုံးနေရပြီး အိပ်မက်များ ဆိတ်သုဉ်းခဲ့ရပြီ ဖြစ်သည်။

Sihanoukville တွင် တစ္ဆေအဆောက်အအုံများ တော်တော်များများ ရှိနေသည်။ မပြီးပြတ်သေးသော အဆောက်အအုံပေါင်း ၃၆၀ အကြမ်းဖျင်း ရှိပြီး အပြီးသတ် အဆောက်အအုံက ၁၇၀ ခန့်် ရှိသော်လည်း လူမနေကြကြောင်း မြို့အစိုးရအရ သိရသည်။ ထိုင်းပင်လယ်ကွေ့ ကမ်းခြေတွင် တည်ရှိသော Sihanoukville သည် တရုတ်၏ ရပ်ဝန်းနှင့် လမ်းပိုင်း စီမံကိန်းဖြင့် စီးပွားရေး ဖွံ့ဖြိုးအောင် ကမ္ဘောဒီးယားက ကြံဆောင်ခြင်းနှင့်အတူ တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ တွန်းအားဖြင့် ၂၀၁၀ ကာလလယ်များ၌ ရုတ်တရက် ဖွံ့ဖြိုးခဲ့ဖူးသည်။

အမှတ်မထင်ပင် Sihanoukville ရော Forest City ပါ တရုတ်၏ အိမ်ခြံမြေကဏ္ဍအား ထိန်းမနိုင်သိမ်းမရ ချဲ့ထွင်ခြင်း၏ ထိခိုက်ပျက်စီးသွားရသော အရာအဖြစ် ကိုယ်စားပြုနေသည်။ စီးပွားရေး ချမ်းသာကြွယ်ဝရေးအတွက် တရုတ်တို့၏ ကတိစကားများက ကပ်ဘေး၏ ကမ္ဘာလုံးဆိုင်ရာ ထိခိုက်မှုတွင် တစစီ ပြိုကျသွားပြီး တစပြင်ဖြစ်သွားသော အဆောက်အအုံများနှင့် ပျက်သုဉ်းသွားသော မျှော်လင့်ချက်များသာ ကျန်ရစ်တော့သည်။