ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှရေးများနှင့် အနာဂတ်လူ့ဘောင်သို့

သွင်လင်းအောင်
အနှစ်ချုပ်

မြန်မာနိုင်ငံတွင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေးရှိသည်။

မြန်မာနိုင်ငံ၏တော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးထက်ပိုသော ကိုယ်ပိုင်ပြ ဌာန်းခွင့်နှင့်တန်းတူညီမျှမှုတော်လှန်ရေးဖြစ်ပြီး နွေဦးတော်လှန်ရေးသည် ထိုတော်လှန်ရေး၏ လက်ရှိဖြစ်စဉ်တခုဖြစ်သည်။

နွေဦးတော်လှန်ရေး၏ဦးတည်ချက်သည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အခြေအနေကိုပြန်ရောက်ရုံမျှမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုကိုဖော်ဆောင်နိုင်သည်အထိသွားရန်ဖြစ်သည်။

စစ်အာဏာရှင်အားဖယ်ရှားရန် လုပ်ဆောင်မှုကို ဘုံရပ်တည်ချက်၊ ဘုံလုပ်ဆောင်ချက် အနေဖြင့် အားလုံးစုပေါင်းလုပ်ဆောင်ရမည်။

အားလုံးပေါင်း၍ လုပ်ဆောင်သော်လည်း မိမိတိုင်းရင်းသားအရေး မိမိတို့ဆုံးဖြတ်လုပ်ကိုင်သည့် အလေ့အထကို စတင်လုပ်ဆောင်ရမည်။

လူမျိုးအားလုံးအတွက် ဆုံးဖြတ်လုပ်ကိုင်နိုင်ရန် အချိုးတူ လူမျိုးကိုယ်စားပြုမှုဖြင့် တိုင်းရင်းသားများအခြေပြုကောင်စီတမျိုးမျိုးကိုစုဖွဲ့ရမည်။
ထိုစုဖွဲ့မှုတွင်  ဖက်ဒရယ်ဖြစ်ရမည်၊ ကွန်ဖရက်ဒရေးရှင်းဖြစ်ရမည် စသဖြင့်ချုပ်မထားဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုကို အားလုံးအကြား ဆက်လက်ညှိနှိုင်းဖော်ဆောင်မည်ဟူ သော နိုင်ငံရေးသဘောတူညီချက် (Political Pact) ကိုခိုင်မာစွာချမှတ်ထားရမည်။ ထိုမှစစ်အာဏာရှင်စနစ်အလွန် အသွင်ကူးပြောင်းရေးအစီအမံများကိုအားလုံးသဘောတူညီချက်ဖြင့် ဖော် ထုတ်ရမည်။

တိုင်းရင်းသားလူမျိုးတခုက အခြားတိုင်းရင်းသားလူမျိုးများအတွက်လုပ်ဆောင်ပေးသည်ဆို သည်မှာ အကြမ်းဖြင်းအားဖြင့်ကောင်းမွန်သော်လည်း မိမိလူမျိုးကအခြားသောလူမျိုးများထက် ခေါင်းတလုံးပိုမြင့်သည်ဟူသောလူမျိုးကြီးဝါဒ၏ မြစ်ဖျားခံရာဖြစ်သွားတတ်ပါသည်။

အထက်ပါအတိုင်းစုဖွဲ့မှုကို လက်ရှိလက်နက်ကိုင်တော်လှန်ရေးအခြေခံဖြင့် စတင်စုဖွဲ့ကာ NUCC နှင့် နီးကပ်သောမဟာမိတ် အဖြစ်လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှား သွားရမည်။

စစ်အာဏာရှင်စနစ်အားဖယ်ရှားအပြီး ကိုယ်ပိုင်ပြဌာန်းခွင့်များကိုအကောင်အထည်ဖော်ရန် ပြင်ဆင်သည့် အသွင်ကူးပြောင်းရေးကာလတွင်မူ ယခုစုဖွဲ့မှုမျိုးကလူမျိုးစုလွှတ်တော် (အထက် လွှတ်တော်)၊ NUCC ကဲ့သို့စုဖွဲ့မှုမျိုးက အောက်လွှတ်တော် စသည့်ပုံစံမျိုးတို့ဖြင့် ဆက်လက် စုဖွဲ့လုပ်ဆောင်သွားသင့်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု

ယခုမြန်မာနိုင်ငံဟုခေါ်ဆိုနေသည့် နယ်နမိတ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားများသည် မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ နောက်ခံသမိုင်းကြောင်း၊​ အချုပ်အချာအာဏာဖြင့် သီးခြားနေထိုင်နိုင်သည့်လူမျိုး များပင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ယခုလက်ရှိမြန်မာနိုင်ငံတွင်နေထိုင်နေသောတိုင်းရင်းသားလူမျိုးတိုင်း၏မွေးရာပါအခွင့်အရေးဖြစ်သည်။

မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မဆုံးရှုံးစေဘဲ အတူတကွစုပေါင်းနေထိုင်ရန်အတွက် ပင်လုံစာချုပ်အပါ အဝင် ကတိကဝတ်များပြုခဲ့ကြသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ကျယ်ပြန့်လှသော်လည်း ၄င်းအား အကောင်အထည်ဖော်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနည်းလမ်းကိုရွေးချယ်ပြီး ကြိုးပမ်းခဲ့ကြသည်။ မတူညီသောလူမျိုးများအကြားတန်းတူညီမျှရေးသည်လည်း အရေးကြီးသည့် အတွက် တန်းတူညီမျှရေးကိုအတိုင်းအတာတခုအထိ ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရရန်လည်း ဦးတည်ခဲ့ကြသည်။ အချုပ်ဆိုရလျှင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေးကို အာမခံနိုင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရန်ဆုံးဖြတ်ပြီး ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုတော်လှန်ရေး

ထိုရည်မှန်းချက်မအောင်မြင်ဘဲ တပြည်ထောင်အနှစ်သာရနှင့် အတုအယောင်ပြည်ထောင်စုသာ ရရှိခဲ့ ခြင်းကြောင့် ဗြိတိသျှတို့ထံမှလွတ်လပ်ရေးရပြီးကတည်းက တော်လှန်ရေးများ ဆက်တိုက်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။
ထိုတော်လှန်ရေးများကို ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးဟု အမည်ပေးကြသော်လည်း ထိုအမည်သည် သီးခြားရပ်တည်နိုင်သည့်အမည်မဟုတ်ဘဲ မူလအနှစ်သာရဖြစ်သည့် ကိုယ်ပိုင်ပြ ဌာန်းခွင့်နှင့်တန်းတူညီမျှရေးကို နည်းလမ်းတခုဖြင့်ဖော်ဆောင်ရန် ပေးအပ်ထားသောအမည်နာမသာလျှင် ဖြစ်သည်။

ထို့ ကြောင့် လွတ်လပ်ရေးရပြီးကတည်းကစတင်ခဲ့ကြသော တော်လှန်ရေးတစုံလုံးကို “ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုတော်လှန်ရေး” ဟု အမည်ပေးရမည်ဖြစ်သည်။

အဓိကတော်လှန်ရသည်မှာ စစ်အာဏာရှင်စနစ်နှင့်၄င်းတို့မှ ရည်ရွယ်ချက်ရှိရှိ အသက်သွင်းဖော်ဆောင်လိုက်သည့် မဟာ ဗမာလူမျိုးကြီးဝါဒအပါအဝင် လူမျိုးကြီးဝါဒများပင် ဖြစ်သည်။

နှစ် ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုတော်လှန်ရေးကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ၏ အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအများအပြားပါဝင်ပတ်သက်ခဲ့ပြီး တိုက်ပွဲသဏ္ဍာန်အမျိုးမျိုးနှင့် အတက်အကျအဆင့်အမျိုးမျိုးလည်း ရှိခဲ့ပါသည်။ ၂၀၁၀ နှင့် ၂၀၂၁ အကြားကာ လသည် ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့်တန်းတူညီမျှမှုတော်လှန်ရေး၏ တိုက်ပွဲသဏ္ဍာန်တခုသာဖြစ်ပြီး အဆင့် တခုတက်နိုင်သည်ဟုပင် မယူဆနိုင်ပါ။ ထိုကာလသည် စစ်တပ်၏အာဏာသိမ်းယူမှုဖြင့်အဆုံးသတ်ခဲ့ရသည်။

အာဏာသိမ်းမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှထွက်ပေါ်လာသော ကိုယ်စားလှယ်များ၏ လွှတ် တော်ဆိုင်ရာလုပ်ပိုင်ခွင့်ကို ချိုးဖောက်ခံလိုက်ရခြင်းနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များရပ်ဆိုင်းသွားရခြင်းတို့သည် ချက်ချင်းမြင်သာသောသက်ရောက်မှုများ – Immediate Impact ဖြစ်သည်။​ သို့သော်လည်း အခြေခံအကြောင်းတရားအရဆိုလျှင် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအတွက် နောက်ထပ်ကြီးမားသောအတားအဆီးတခု ပေါ်ပေါက်လာရခြင်းသာ ဖြစ်ကာ အတိအကျဆိုရလျှင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုတော်လှန်ရေးအတွက် စိန်ခေါ်မှု တရပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှုကို တော်လှန်ခြင်းသည် လွှတ်တော်ဆိုင်ရာလုပ်ပိုင်ခွင့်များပြန်လည်ရရှိရုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်အသက် ဝင်လာရုံလောက် ရည်မှန်းသည်မဟုတ်ဘဲ မူလပန်းတိုင်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့်တန်းတူညီမျှမှု ကို အကောင်အထည်ဖော်နိုင်သည်အထိရည်မှန်းတော်လှန်ရမည်ဖြစ်သည်။ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှုမတိုင်ခင် အခြေအနေကိုပြန်ရနိုင်ရုံလောက်မဟုတ်ပေ။

ကိုယ်ပိုင်ပြဌာန်းခွင့် နှင့်တန်းတူညီမျှမှု

တော်လှန်ရေးကြီးတလျှောက်အတွင်း သက်ဆိုင်ပါဝင်ခဲ့သူများ (Stakeholders) များ အကြား ပူးပေါင်းဆောင်ရွက်မှု၊ သဘောထားကွဲလွဲမှုများအမျိုးမျိုးတည်ရှိခဲ့သော်လည်း တော်လှန်ရေးလမ်းကြောင်းတခုပေါ်တွင်မူ အတူတကွရှိနေခဲ့ကြပါသည်။ သဘောထားကွဲလွဲမှု များကြောင့် အတွင်းပဋိပက္ခများရှိခဲ့သော်လည်း ၄င်းတို့၏အဓိကရန်ဘက်မှာ စစ်အာဏာရှင်များဖြစ်ခဲ့ သည်။ အတွင်းပဋိပက္ခခေါင်းစဉ်အောက်ထဲတွင်ထည့် သွင်းထားသော်လည်း စစ်အာဏာရှင်များ၏ လက်ချက်ဖြစ်သော မဟာဗမာလူမျိုးကြီးဝါဒအပါအဝင် လူမျိုးကြီးဝါဒအခြေခံစဉ်းစားချက်ဟူသမျှတို့မှာမူ စစ်အာဏာရှင်စနစ်ကဲ့သို့ပင် အလေးထားဖြေရှင်းရမည့် တန်းတူအရေးကြီးသည့်ကိစ္စရပ်များပင် ဖြစ်ပါသည်။

အင်အားစုများအကြားညီညွတ်ရေး

ယခုကဲ့သို့ စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကြီးမားနေချိန်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှု တော်လှန်ရေးကို အဆုံးအထိဆက်လက်သယ်ဆောင်ရန်ဆိုလျှင် တော်လှန်ရေးတွင်ပါဝင်နေကြသည့် အင်အားစုများအကြားညီညွတ်မှုကို ခိုင်ခိုင်မာမာတည်ဆောက်ရန်မှာအဓိကကျပါသည်။ အင်အားစု များအကြား သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးအဆုံးသတ်ရန်မှာ ညီညွတ်ရေး၏အခရာဖြစ်သည်။ သို့သော် နှစ် ၇၀ ကျော် ပဋိပက္ခအတွင်း ပေါ်ပေါက်ခဲ့သည့် သဘောထားကွဲလွဲမှုများဖြစ်သလို စစ်အာဏာရှင်များက ရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့သည့် သဘောထားကွဲလွဲမှုများလည်း အဓိကအနေဖြင့် ပါဝင်သည့်အတွက် အချိန်တိုအတွင်း ချက်ချင်းဖြေရှင်းအဖြေရှာနိုင်ရန်မှာမဖြစ်နိုင်ပေ။ တဖက်တွင်လည်း စစ်အာဏာရှင်စနစ် အားဖယ်ရှားရန်တော်လှန်ရေးအဆင့်တခုကို ဖြတ်သန်းနေရချိန်လည်းဖြစ်သည်။

ထိုသို့သော်အခြေအနေတွင် ဘုံသဘောထားတူနိုင်မည့်ရပ်တည်မှုတခုအပေါ်အခြေခံပြီး စုစည်းမှု (Platform – ပလက်ဖောင်း) ကိုစတင်လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသဘောထားမှာ စစ်အာဏာရှင် စနစ်အားအပြီးတိုင်ဖယ်ရှားရန်ဖြစ်ပြီး လက်ရှိအရှိတရားအရ လက်နက်ကိုင်တော်လှန်ရေးသည်  အဓိကနည်းနာဖြစ်နေပါသည်။  ထိုသဘောထားကျရန်မှာ စစ်အာဏာရှင်စနစ်ရှိနေသမျှကာလပတ် လုံး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုကို မှန်ကန်စွာဖော်ဆောင်နိုင်မည်မဟုတ်သည်ကို ရှင်းရှင်း လင်းလင်းရှိထားရန်ပင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပြီးပါက နောက်တဆင့်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုအားဖော်ဆောင်ရန်ကို အင်အားစုများအကြားရှိ အတွင်းပဋိပက္ခ များကိုဖြေရှင်းခြင်းနှင့်အတူ တပြိုင်တည်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။ အားလုံးပါဝင်မှုအားနည်းသေး သော်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC သည် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖယ်ရှားရန် တည်ဆောက်ထားသော စုစည်းမှု (Platform – ပလက်ဖောင်း) တခုအဖြစ်ရှိနေပြီ ဖြစ်သည့်အတွက် အတွင်းပဋိပက္ခများအားဆက်လက်ဖြေရှင်းရန် ထိုစုစည်းမှုအား အခြေပြုပြီး ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ သို့သော် အောက်ပါအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ဦးမည်ဖြစ်ပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်မျှော်ရည်မှုပန်းတိုင်အမျိုးမျိုး

ထိုသို့သောစုစည်းမှုပလက်ဖောင်းကို အထက်ကဆိုခဲ့သလိုပင် စစ်အာဏာရှင်စနစ်အားအပြီးတိုင်ဖယ်ရှားရေးအခြေခံ ပေါ်တွင်ပင်အခြေတည်ပြီး နောက်တဆင့်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှမှုသို့သွားရာတွင် အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် နည်းလမ်းတခု တည်းနှင့်ချုပ်မထားသင့်ပေ။ သို့သော်အရေးကြီးသည်မှာ ယခုစုစည်းမှု၏နောက်တဆင့်သည် တပြည်ထောင်စနစ်သို့ ပြန်သွားရန်လုံးဝမဟုတ်သည်ကို သေချာနေစေရန်ဖြစ်ပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဟု ဆိုရာတွင် ဖက်ဒရယ်စနစ်တည်ဆောက်သလို တည်ဆောက်နိုင်သလို ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြားနိုင်ငံထူထောင်သည်အထိလည်းပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။ (စကားချပ် – ပညာရှင်များကမူ Internal Self-determination, External Self-determination အစရှိသဖြင့် ပြောဆိုသုံးနှုန်းကြမည် ထင်ပါသည်။) ပင်လုံစာချုပ်ချုပ်ဆိုပြီး နောက်ဆက်တွဲများကိုစဉ်းစားခဲ့စဉ်က တိုင်းရင်းသားများသည် သီးခြားနေထိုင် နေရာမှ အတူတကွလာရောက်ပူးပေါင်းသည့်ပုံစံ (Coming Together) ဖြင့်ပူးပေါင်းခဲ့ကြကာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ခြင်းနည်းလမ်းဖြင့်အကောင်အထည် ဖော်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ၄င်းတို့ရည်မှန်းသည့် ဖက်ဒရယ်ပြည်ထောင်စုကို မရရှိခဲ့ဘဲ စစ်အာဏာရှင်များအပါအဝင် အာဏာရှင်အဆက်ဆက်တို့က မဟာဗမာလူမျိုးကြီးဝါဒအပါအဝင် လူမျိုးကြီးဝါဒအတွေးအခေါ်များကို ရည်ရွယ်ချက်ရှိရှိဖန်တီးကာ ဗမာ အအပါအဝင် တိုင်းရင်းသားများ အကြားသွေးကွဲစေပြီး တပြည်ထောင်အနှစ်သာရဖြင့်သာ (Holding Together) အတင်းအကြပ် ပါဝင်စေပြီး ဖိနှိပ်အုပ်ချုပ်ခြင်းကိုခံခဲ့ကြရသည်။ ထို့ကြောင့်နှစ် ၇၀ ကျော်ကြာဖြတ်သန်းခဲ့မှုတွင် တိုင်းရင်းသားတမျိုးချင်းစီ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်သက်ပြီး အကောင်အထည်ဖော်လိုမှုမှာ ဖက်ဒရယ်ပြည်ထောင်စုသာဖြစ်သည်ဟု တထစ်ချသတ်မှတ်ရန်မသင့်တော်တော့ဘဲ ၄င်းတို့၏စိတ်ဆန္ဒ မျှော်ရည်မှု ပန်းတိုင်အမျိုးမျိုးတို့ကိုသာ ဦးစားပေးညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုပန်းတိုင် အမျိုးမျိုးတို့ကိုအခြေခံပြီး အကောင်းဆုံးပေါင်းစည်းနိုင်မည့်ပုံစံတမျိုးမျိုးကို အတူတကွလာရောက် ပူးပေါင်းသည့်ပုံစံ (Coming Together) ချည်းကပ်မှုဖြင့် အားလုံးသဘောတူစဉ်းစားရန်သာဖြစ်ပြီး ထိုပေါင်းစည်းမှုသည် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်လည်ဖြစ်မည်ဖြစ်ကာ ဖြစ်ချင်မှလည်းဖြစ်မည် ဆိုသည်ကို မမေ့မလျော့အထူးသတိချပ်ရမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးတမျိုးခြင်းစီ၏အရေး

စစ်အာဏာရှင်များက ရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့သည့် ဗမာလူမျိုးကြီးဝါဒ၏သက်ရောက်မှုတခုမှာ နိုင်ငံတခုလုံး၏အရေးကို ဗမာလူမျိုးများကအဓိကလုပ်ဆောင်ရမည်ဆိုသည့် ယူဆချက်ပင်ဖြစ်ပါသည်။ ထို အယူအဆသည် အကြမ်းဖြင်းကြည့်လျှင်ကောင်းမွန်သည့်၊ နိုင်ငံအတွက်ပေးဆပ်လိုစိတ်ကိုရှေ့တန်း တင်သည့် အယူအဆဟုထင်မြင်စရာရှိသော်လည်း နောက်ခံမတူသောလူမျိုးများအကြား တန်းတူညီမျှ စွာပေါင်းစည်းကြမည့်ပြည်ထောင်စုတခုကိုတည်ဆောက်မည်ဆိုလျှင်မူ နောက်ဆက်တွဲဆိုးကျိုးများရှိ လာမည်သာဖြစ်ပါသည်။ ဧည့်သည်၏ ဝေယျာဝစ္စကိစ္စအဝဝကို အိမ်ရှင်ကလုပ်ပေးရသည်မှန်သော်လည်း ထိုအိမ်နှင့်ပတ်သက်ပြီးဆုံးဖြတ်ခွင့်မှာမူ အိမ်ရှင်တွင်သာရှိသည့်အတွက် အထက်ပါအယူအဆ အရဆိုလျှင် ဗမာလူမျိုးများက အခြားဗမာမဟုတ်သောလူမျိုးများအား ဧည့်သည်သဖွယ်စဉ်းစားပြီး ထိုသူတို့အတွက်စဉ်းစားကာ တနိုင်ငံလုံးအတွက်လုပ်ဆောင်သည်ဆိုပါက တနိုင်ငံလုံးအတွက်အရေး ကြီးသည့်ဆုံးဖြတ်ချက်များကို ဗမာများကသာအိမ်ရှင်သဖွယ်ချမှတ်ရမည်ဆိုသည့် အဓိပ္ပါယ်သက် ရောက်သွားမည်ဖြစ်သည်။ ထိုယူဆမှုကြာရှည်လာပါက အခြားလူမျိုးများသည် မိမိတို့နိုင်ငံတွင်ကပ်နေကြရသည့် မိမိတို့ထက်နိမ့်ပါးသောလူမျိုးများဆိုသည့် အမြင်မျိုးအထိဆိုးရွားသွားနိုင်ပါသည်။
ဗမာ တော်တော်များများမှာ ထိုအယူအဆကိုအခြားလူမျိုးများအတွက် လုပ်ဆောင်ပေးလိုသည့်စိတ်စေတနာဖြင့် ဆွဲကိုင်ထားခြင်းဖြစ်သော်လည်း အထက်ပါဆိုးကျိုးများ မမျှော်လင့်ပဲထွက်ပေါ်လာနိုင်သည်ကို သတိချပ်သင့်ပါသည်။ တနည်းဆိုရလျှင် မဟာဗမာလူမျိုးကြီးဝါဒ၏လွှမ်းမိုးမှုကို မသိစိတ်ဖြင့်ခံယူ လိုက်သကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။ ထိုသို့သော စိတ်ထားခံယူမှုမျိုးသည် မည်သည့်လူမျိုးတွင်မှမထားရှိသင့်ဘဲ လူမျိုးကြီးဝါဒဆီသို့သာ ဦးတည်သွားနိုင်ပါသည်။

စစ်အာဏာရှင်များအတွက်ဆိုလျှင် ထိုသို့မသိမသာကွဲပြားစေသည့် အယူအဆကြောင့် ဗမာနှင့်ဗမာ မဟုတ်သောတိုင်းရင်းသားများအကြား ယုံကြည်မှု၊ ညီညွတ်မှုမတည်ဆောက်နိုင်လျှင် ၄င်းတို့အနေဖြင့် လိုသလိုအုပ်ချုပ်ကြိုးကိုင်နိုင်မည်ဖြစ်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ စိတ်ကြိုက်ဖန်တီးခဲ့ခြင်းဖြစ်ပါ သည်။ စစ်အာဏာရှင်များက မဟာဗမာလူမျိုးကြီးဝါဒအဖြစ် လိုသလို ပုံဖော်နိုင်ရန်အတွက် ဗမာ နှင့် ဗမာ မဟုတ်သောတိုင်းရင်းသားများအကြားပိုမိုသွေးကွဲစေရန်ရည်ရွယ်ပြီး စေတနာမှန်မဟုတ်သော်လည်း ဗမာလူမျိုးများအတွက် ပိုမိုပေးအပ်ထားသော လူမှုရေးဆိုင်ရာ အခွင့်အရေးအနည်းအကျဉ်းလည်းရှိခဲ့ပါသည်။ အနာဂတ်တွင်သွားရမည့်ပုံစံမှာ နိုင်ငံတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးတိုင်း သည် မိမိတို့လူမျိုးအရေးကိုအဓိကထားပြီး တင်ပြဆွေးနွေးအဖြေရှာခြင်းမှတဆင့်တနိုင်ငံလုံး အဆင့်သို့ (အခြေခံမှတဆင့် နောက်တဆင့်သို့) သွားသည့်ပုံစံ (Bottom–Up) သာဖြစ်သင့်ပါသည်။ လူမျိုးများ၏အခွင့်အရေးများကို တန်းတူဖြစ်စေရန်အတွက် ပိုနေလျှင်လျှော့၊​ လိုနေလျှင်တိုးပြီး သာတူညီမျှမှု (Equity) ပုံစံဖြင့်သွားရမည်ဖြစ်ပါသည်။ သို့မှသာ လူမျိုးတမျိုးကအခွင့်အရေးပိုရနေခြင်း၊ အခြားလူမျိုးများကို ကူညီပေးရန် ထိုလူမျိုးကပိုမိုမြင့်မားနေသည်ဟု တွေးဆမှုမျိုးရှိနေခြင်းတို့မှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဗမာလူမျိုးများအနေဖြင့်လည်း အခြားလူမျိုးများကဲ့သို့ပင် မိမိတို့ဗမာလူမျိုး အရေးအတွက်ဆောင်ရွက်သည့်စုဖွဲ့မှုများစတင်ပြုလုပ်ရန် လိုအပ်လာပြီဖြစ်ပါသည်။ လူမျိုးတိုင်းတို့ သည် အထက်ကဆိုခဲ့သလိုပင် မိမိလူမျိုးများအတွက်အခွင့်အရေးများရရှိရန် လိုအပ်နေလျှင်တောင်းဆို ရမည်ဖြစ်သလို မလိုအပ်ဘဲ သို့မဟုတ် မရသင့်ပဲပိုမိုပြီးရရှိနေသည်ဆိုလျှင်လည်း သာတူညီမျှစေရေး အတွက် သဘောထားကြီးစွာဖြင့် လျှော့သင့်ကလျှော့ရမည်ဖြစ်ပါသည်။

တနိုင်ငံလုံးအရေး သို့မဟုတ် တိုင်းရင်းသားလူမျိုးအားလုံးအရေး
လက်ရှိအခြေအနေတွင် တနိုင်ငံလုံး သို့မဟုတ် လူမျိုးအားလုံးအနေဖြင့် စစ်အာဏာရှင်စနစ်၏ဖိနှိပ်မှု အောက်ကျရောက်နေရသည့်အတွက် နိုင်ငံတခုလုံးအရေး သို့မဟုတ် တိုင်းရင်းသားလူမျိုးအားလုံး အရေးများကို မည်သူတို့ကလုပ်ဆောင်မည်နည်းဟူသော မေးခွန်းလည်း ပေါ်ပေါက်လာပါသည်။

ယခုလက်ရှိ၌ တိုင်းရင်းသားအင်အားစုများ နှင့် ဒီမိုကရက်တစ်အင်အားစုများဟု အင်အားစု နှစ် ခုရှိနေပါသည်။ တိုင်းရင်းသားအင်အားစုများသည် မိမိတို့ လူမျိုးအကျိုးစီးပွား၊​ အခွင့်အရေး၊ ရပိုင်ခွင့်များကို အဓိကထားပြီး ပြောဆိုလုပ်ဆောင်နေကြပြီး ဒီမိုကရက်တစ်အင်အားစုများသည် တနိုင်ငံလုံးကိစ္စရပ် များကို ဦးတည်လုပ်ဆောင်နေကြသည်ကိုတွေ့ရပါသည်။ ဒီမိုကရက်တစ်အင်အားစုများတွင် နှိုင်းယှဉ်ချက်အရ ဗမာအများစုကပိုမိုပါဝင်နေကြသည်ကိုလည်း တွေ့ရပါသည်။ ဗမာလူမျိုးများသည် လူဦးရေများ သည့်အတွက်လည်းဖြစ်နိုင်သလို စစ်အုပ်စု၏လုပ်ကြံဖန်တီးထားသည့် မဟာဗမာလူမျိုးကြီးဝါဒအောက်တွင် စစ်အုပ်စုနှင့် ဗမာလူမျိုးများအကြားပြဿနာမဖြစ်အောင် စီစဉ်ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဥပမာဆိုရလျှင် ဗမာတိုင်းရင်းသားများသည် အခြားတိုင်းရင်းသားများကဲ့သို့ မှတ်ပုံတင်ရရန်ခက်ခဲခြင်း၊ မိမိလူမျိုး နာမည်အမှန်ကို မှတ်ပုံတင်တွင်ထည့်ရန်ခက်ခဲခြင်း၊ စစ်ဘက် အရပ်ဘက် အထူးသဖြင့် စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာရာထူးများတွင် မိမိတို့တိုင်းရင်းသားဖြစ်တည်မှု ကြောင့် ရာထူးကြီးကြီးမရတတ်ခြင်း စသည့်ပြဿနာများရှိမနေခြင်းကို ဆိုလိုပါသည်။ ထိုသို့သော နစ်နာမှုများမရှိသည့်အတွက် ဗမာလူမျိုးများအနေဖြင့် မိမိလူမျိုး၏အခွင့်အရေးအတွက် သီးသန့် ပြောဆိုတိုက်ပွဲဝင်နေရန်မလိုနေ သောကြောင့် တနိုင်ငံလုံးအတွက်ပိုမိုအချိန်ပေးထားနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသို့သောစုဖွဲ့မှုများတွင် ဗမာလူမျိုးဦးရေပိုမို များပြားနေခြင်း သည် ဆုံးဖြတ်ချက်ကို ဗမာများကပင်လုပ်နေသည်ဟု အခြားလူမျိုးများအတွက်အထင် ရောက်စေနိုင် သလို ဗမာလူမျိုးများ၏စိတ်ထဲတွင်လည်း မိမိတို့ကသာ တနိုင်ငံလုံးအတွက်လုပ်ဆောင်ရသည်ဆိုသည့် စိတ်မျိုးဖြစ်စေနိုင်ပါသည်။ ထိုသို့သောစိတ်ခံစား ချက်မျိုးများဖြစ်ပေါ်လာပါက စစ်အုပ်စု ကဖန်တီးသည့် မဟာဗမာလူမျိုးကြီးဝါဒ၏ရည်ရွယ်ချက်တခုဖြစ်သည့် ဗမာနှင့်ဗမာမဟုတ်သောလူမျိုးများ အကြား စိတ်ဝမ်းကွဲမှုပိုမိုကြီးမားစေခြင်းကို အလိုအလျောက်ဖြည့်စီးမိသကဲ့သို့ ဖြစ်သွားစေမည်ဖြစ်ပါ သည်။

ထို့ကြောင့်ထိုသို့သောသက်ရောက်မှုများမှကင်းဝေးပြီး တနိုင်ငံလုံးအတွက်၊ လူမျိုးအားလုံးအတွက် လုပ်ဆောင်နိုင်ရန်အတွက်ဆိုလျှင် တနိုင်ငံလုံးရှိလူမျိုးများ အချိုးတူစွာပါဝင်သောစုဖွဲ့မှုမျိုးလိုအပ်မည်ဖြစ်ပြီး ထိုစုဖွဲ့မှုမှတနိုင်ငံလုံးရှိ လူမျိုးများအတွက်ကို ဆုံးဖြတ်လုပ်ကိုင်ရမည်ဖြစ်သည်။ ဖက်ဒ၏ရယ်နိုင်ငံများ၏ လူမျိုးစုလွှတ်တော်သဏ္ဍာန်ကို ယခုကတည်းကလက်တွေ့အသုံးချခြင်းပင်ဖြစ်ပါသည်။ လက်တွေ့လုပ်ဆောင်ရာတွင်မူ စစ်အာဏာရှင်များမှ မီးမွှေးထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုသည့်ကိစ္စမှာ မလိုလားအပ်သောပြဿနာများကို ဖန်တီးလာနိုင်မည်ဖြစ်သည်။ ထိုကိစ္စကိုကျော်လွှားရန် အတွက်ဆိုလျှင် တိုင်းရင်းသားလူမျိုးများအတွက် စံနှုန်းများသတ်မှတ်ထားရန်နှင့် လူနည်းစု၏အခွင့် အရေးများအတွက် ခိုင်မာသောအကာအကွယ်ပေးမှုစနစ်များရှိထားရန်လိုအပ်မည်ဖြစ်သည်။

အထက်ကဆိုခဲ့သော ညီညွတ်ရေးအတွက်တည်ဆောက်မည့် ပလက်ဖောင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖက်ဒရယ်နှင့်ချုပ်မထားရုံတင်မဟုတ်ဘဲ ထိုပလက်ဖောင်းတွင် ဗမာလူမျိုးအပါအဝင် လက်ရှိမြန်မာနိုင်ငံဟု ခေါ်ဆိုသောနယ်နမိတ်တွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ တူညီသောအရေအတွက်ရှိသည့် ကိုယ်စားလှယ်များမှ မိမိလူမျိုးအရေးကိုအခြေပြုဆွေးနွေးအကောင်အထည်ဖော်ကြပြီး လူမျိုးအားလုံးနှင့် ပတ်သက်သော ကိစ္စရပ်များကိုဆောင်ရွက်ရန်ရှိပါကလည်း အားလုံးတန်းတူညီမျှပါဝင်ဆုံးဖြတ် လုပ်ကိုင်ကြရန်သာဖြစ်ပါသည်။

အကောင်အထည်ဖော်ခြင်း

လက်ရှိဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC )ကို အထက်ပါအတိုင်း ဖက်ဒရယ်ပြည်ထောင်စုသာဆိုသည့်ပုံစံမဟုတ်ဘဲ ဗမာအပါအဝင်တိုင်ရင်းသားလူမျိုးအရေးကိုအခြေပြုသည့် စုဖွဲ့မှုအဖြစ် ပြောင်းလဲပုံဖော်ရန်မှာ လွယ်ကူတော့မည်မဟုတ်ပေ။ ထို့ကြောင့် ညီညွတ်ရေးကို ပိုမိုအားကောင်းအောင်လုပ်ဆောင်သောလုပ်ရပ်အနေဖြင့် ထိုကဲ့သို့သော စုဖွဲ့မှုကို လက်ရှိ လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းစဉ်များပေါ်တွင်အခြေပြုပြီး စတင်ပြုလုပ်ကာ NUCC နှင့် နီးကပ်သော မဟာမိတ် ဆက်ဆံရေးဖြင့်သွားခြင်းဖြင့် ပေါင်းစည်းလုပ်ကိုင်သင့်ပါသည်။ ထိုစုဖွဲ့မှုသည် တိုင်းရင်းသားလူမျိုးများ အခြေပြုကောင်စီတမျိုးမျိုးပင်ဖြစ်မည် ဖြစ်သည်။ ထိုစုဖွဲ့မှုသည် ဖက်ဒရယ်နိုင်ငံများ၏ လူမျိုးစု လွှတ်တော်ကဲ့သို့ရှိမည်ဖြစ်ကာ သို့မှသာ တိုင်းရင်းသားပြည်သူများရော၊ နိုင်ငံတကာမှပါ ထိုလုပ်ရပ် အပေါ် ညီညွတ်ရေးပြိုကွဲခြင်းလောဟုနားလည်မှုမလွဲဘဲ လက်ခံကြမည်ဖြစ်ပါသည်။ ထိုစုဖွဲ့မှုတွင် စစ်အာဏာရှင်စနစ်အား ဖယ်ရှားရေးကို အဓိကလုပ်ကိုင်ကာ နောက်တဆင့်အနေဖြင့် တိုင်းရင်းသား လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ၄င်းတို့အချင်းချင်းအကြား ညှိနှိုင်းပြီးလွတ်လပ်စွာဖော်ဆောင်ရန် ဟူသည့် နိုင်ငံရေးသဘောတူညီမှု (Political Pact) တခုကိုခိုင်မာစွာချမှတ်ထားရမည်။ စစ်အာဏာရှင်များအား ဖယ်ရှားပြီး မည်သည့်မျှော်ရည်သော အနာဂတ်နိုင်ငံပုံစံသို့မဆို အရောက်သွားနိုင်ရန်အတွက် အသွင်ကူးပြောင်းရေးကာလဆိုင်ရာအစီအမံများကိုလည်း  ထိုအခြေခံနိုင်ငံရေးသဘောတူညီချက်ပေါ် မူတည်ပြီး ပြင်ဆင်ကြရမည်ဖြစ်ပါသည်။ 

  စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပြီးချိန် ကိုယ်ပိုင်ပြဌာန်းခွင့်၏ တစုံတရာပြီးပြည့်စုံသည့်အခြေအနေတခုကို မတည်ဆောက်နိုင်သေးခင်အချိန် (လက်ရှိချာတာအရ အသွင်ကူးပြောင်းရေးကာလ) တွင် ထိုစုဖွဲ့မှုသည် လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) ကဲ့သို့ သဏ္ဍာန်ဆောင်ပြီး NUCC ကဲ့သို့သောစုဖွဲ့မှုသည် အောက်လွှတ်တော်ကဲ့သို့ သဏ္ဍာန်ဆောင်ကာ ဆက်လုပ်ပူးပေါင်းဆောင်ရွက်သွားရပါမည်။ ထိုအချိန်တွင် အနာဂတ်နိုင်ငံအား မည်သို့မည်ပုံစုဖွဲ့ကြ မည် (ဖက်ဒရယ်လော၊ ကွန်ဖက်ဒရေးရှင်းလော၊ သီးခြားနိုင်ငံများလော) ဆိုသည်များကို အားလုံး အကြားတွင် ညှိနှိုင်းဆုံးဖြတ်ကြရမည်သာဖြစ်ပါသည်။

ထိုသို့သော နိုင်ငံရေး သဘောတူညီမှု (Political Pact) အပေါ်အခြေခံထားသည့် စုဖွဲ့မှုနှင့်ညှိနှိုင်းဆွေးနွေး ပြောဆိုနေမှုများရှိနေသည်ဆိုသည့်အချက်သည် နိုင်ငံတကာ၏ စစ်အာဏာရှင်များကိုဖယ်ရှားပြီးပါက အင်အားစုများအကြားပဋိပက္ခများပိုမိုဖြစ်ပေါ်လာလေမည်လားဆိုသည့် သို့လောသို့လောစိုးရိမ်မှုကို တစုံတရာလျှော့ကျစေနိုင်မည်ဖြစ်ကာ ထိုသို့စိုးရိမ်မှုလျော့ကျပါက ထောက်ခံမှု နှင့် ကူညီမှုများလည်း ပိုတိုးလာမည်သာဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူတရပ်လုံးအတွက်လည်း ပိုမိုအားတက်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

နိဂုံး
အချုပ်ဆိုရလျှင် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးဟု အမည်ပေးခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်း တူညီမျှရေးတိုက်ပွဲ၏ အဆင့်တခုဖြစ်သည့် လက်ရှိနွေဦးတော်လှန်ရေးတွင် မူလရည်ရွယ်ချက်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူညီမျှရေးကိုအကောင်အထည်ဖော်နိုင်ရေးကို မျက်ခြေပြတ်ဝေဝါး မသွားရန်မှာအထူးအရေးကြီးပါသည်။ ထိုရည်ရွယ်ချက်ကိုဦးထိပ်ထား၍ အင်အားစုများအကြားညီ ညွတ်ရေးတည်ဆောက်ရာတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုတခုတည်းနှင့်ချုပ်ထား ခြင်းမျိုးမလုပ်ဘဲ လူမျိုးတိုင်း၏ဆန္ဒအပေါ်အခြေခံနိုင်ရန်ဖွင့်ထားသည့်စုဖွဲ့မှု (Platform) မျိုးကိုတည် ဆောက်ရမည်ဖြစ်ကာ ထိုပလက်ဖောင်းတွင် ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးတိုင်းက မိမိလူမျိုး ကိစ္စကို အခြေပြုပြောဆိုဆွေနွေးမှုပြုလုပ်ရမည်ဖြစ်သည်။ လူမျိုးအားလုံးအတွက်လုပ်ဆောင်ရန်ကိစ္စ များကိုလည်း ထိုလူမျိုးများ၏ကိုယ်စားလှယ်အသီးသီးတို့မှ ညီတူမျှတူပါဝင်ဆုံးဖြတ်လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။ ထိုစုဖွဲ့မှုသည် တိုင်းရင်းသားလူမျိုးများအခြေပြုကောင်စီတမျိုးမျိုးဖြစ်မည်ဖြစ်ကာ ၄င်းသည် စစ်အာဏာရှင်စနစ်ကိုဦးစားပေးဖယ်ရှားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို လွတ်လပ်စွာဖော်ဆောင် မည်ဟူသော နိုင်ငံရေးသဘောတူညီချက် (Political Pact) ကိုခိုင်ခိုင်မာမာထားရှိလျက် လက်ရှိအမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC နှင့် နီးကပ်သောမဟာမိတ်အဖြစ် ပူးပေါင်းလုပ်ဆောင်သွား သင့်ပါသည်။

(စာရေးသူသည် စစ်အာဏာရှင်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီအား ကိုယ်စားပြုပြီးပါဝင် နေသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင်တဦးဖြစ်ပါသည်။ ဤဆောင်းပါးသည် စာရေးသူတဦးတည်း၏ သဘောထားအမြင်ကိုပုံဖော်ရေးသားထားခြင်းဖြစ်သည်။ လက်ရှိနိုင်ငံအမည် “မြန်မာနိုင်ငံ” ဆိုသည်ကို ညွှန်းဆိုရလွယ်အောင်အသုံးပြုထားခြင်းသာဖြစ်ကာ အနာဂတ်နိုင်ငံ၏အမည်သည် ထိုနိုင်ငံထဲတွင်နေထိုင်မည့် တိုင်းရင်းသားလူမျိုးတိုင်း၏ သဘောတူ ဆုံး ဖြတ်ချက်ဖြင့်သာ ရွေးချယ်ရမည်ဟုခံယူပါသည်။ တိုင်းရင်းသားလူမျိုးများ ဟုသာသုံးနှုန်းထားခြင်းမှာ အခြားလူမျိုးများအတွက်အလေးမထားခြင်းမဟုတ်ဘဲ လက်ရှိအကြပ်အတည်းကို ကျော်လွန်နိုင်ရေးကို အလေးထားထားခြင်းကြောင့်သာ ဖြစ်ပါသည်။)

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး