ကျိုက်ထိုတွင် လက်ထောက် အကောက်ခွန်ဦးစီးမှူးနှင့်ဇနီး ပစ်ခတ်ခံရ

YT

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ အကောက် ခွန်ဦးစီးဌာန လက်ထောက်ဦးစီးမှူးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာနေ လက်ထောက် အခွန်ဦးစီးမှူးဖြစ်သူ အသက် ၅၈ နှစ်အရွယ်ရှိ ဦးသန်းလွင်နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၀ နှစ်အရွယ်ရှိ ဒေါ်မြင့်မြင့်ခိုင်တို့ ၎င်းတို့နေအိမ်အတွင်းရှိနေစဉ် တော်လှန်ရေးရဲဘော်နှစ်ဦးက သေနတ် ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

ဦးသန်းလွင်နှင့်ဇနီးသည် စစ်ကောင်စီ၏ထောက်တိုင်များအဖြစ် အလုပ်လုပ်ပေးနေသူများဖြစ်၍ တော် လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယခုကဲ့သို့ သွားရောက်ပစ်ခတ်ရခြင်းဖြစ်ကြောင်း KRF ဒု- တာဝန်ခံက မဇ္ဈိမကိုပြောသည်။

“စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ သူရော သူ့ဇနီးရောက စကစထောက်တိုင်အဖြစ် ပါဝင် ဆောင်ရွက်နေလို့ပါ။ KRF ရဲ့ mission မဟုတ်ပေမယ့် မိတ်ဖက်အဖွဲ့အစည်းများရဲ့ mission ဖြစ်ပါတယ်” ဟု KRF ဒု-တာဝန်ခံ ကိုရဲသွေးညီက မဇ္ဈိမကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းလွင်၏ ဒူး၊ ပေါင်၊ ဗိုက်၊ ကျော၊ မေးစေ့တို့တွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ကျည်ထိမှန်ဒဏ်ရာများရခဲ့ပြီး ဒေါ်မြင့်မြင့်ခိုင်၏ ဦးခေါင်းတွင်လည်း ကျည်ထိမှန်ဒဏ်ရာရ ခဲ့ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ပစ်ခံရပြီးတော့ ရွာကအုပ်ကြီးနဲ့အတူ ရဲနဲ့စစ်သားတွေ ရောက်လာတယ်။ ရဲတွေမေးတာတော့ အပြင်လူ တွေကိုသိပ်မမေးဘူး၊ သူ့တူမကိုပဲမေးတာ၊ သူ့တူမလေးက အိမ်မှာရှိနေတာကိုး။ ကျွန်တော်တို့သွားကြည့် တော့ သူတို့ကို ဆေးရုံပို့ပြီးနေပြီ” ဟု သေခံတဦးက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ KNU/ KNLA (PC) တပ်ဖွဲ့ ဝင်ဟောင်း စောနန်းဦး(ခ)အောင်မျိုးလွင်သည် အင်္ဂဘိုကျေးရွာ၌လည်းကောင်း၊ ဩဂုတ်လ ၂၄ ရက်နေ့ တွင် BGF မှ ဗိုလ်ဝင်းစိုးနှင့် ဇနီးတို့ ကော့ထင်းကျေးရွာ၌လည်းကောင်း တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ