2023 Year in Review၂၀၂၃ နှစ်ကုန်ခါနီး မြန်မာပြည်: မြင်ကွင်းကျယ်၊ ဦးစားပေးရမည့် အရာများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီး (အပိုင်း ၁)

ဓာတ်ပုံ -ပုံဟောင်း

အီဂေါဗလာဇီဗစ်

မဇ္ဈိမ။ ။ မြန်မာနိုင်ငံဟာ ခရီးလမ်းအချိုးအကွေ့တခုကို ရောက်ခဲ့ပါပြီ။ အချိန်အတော်ကြာပဲ မြန်မာပြည်နိုင်ငံရေးဟာ အဆုတ်အတက် ကြမ်းကြမ်းနဲ့ အနုတ်ပြနေတဲ့ မျှခြေတခုမှာ ရပ်နေခဲ့ပါတယ်။ နှစ်နှစ်ခွဲလောက်ကြာခဲ့တယ် ဆိုပါစို့။ ညီမျှခြင်းတဖက်ကို အနုတ်ပြနေတဲ့ မျှခြေခြင်းလို့ ခေါ်ချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်တပ်ဟာ နစ်နာမှုတွေ အကြီးအကျယ်ဖြစ်အောင်ကျူးလွန်ခဲ့ပါတယ်။ ဖျက်ဆီးပစ်ခဲ့တယ်။ လူတွေကိုချွတ်ခြုံကျစေခဲ့တယ်။ ပြည်သူတွေ အကြီးအကျယ် စိတ်ဒဏ်ရာတွေနဲ့ နာကျင်ခံစားရအောင် လုပ်ခဲ့တယ်။ အပြောင်းအလဲတွေ သိပ်များတဲ့ မျှခြေဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် တချို့အကြောင်းအရာတွေက ရုတ်တရက်ဆိုသလို ဖြစ်ခဲ့တာတွေပါ။ စစ်တပ်ဘက်ကကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ တော်လှန်ရေးသမားတွေရဲ့ တန်ပြန်လှုပ်ရှားရမှုတွေ၊ အာဏာရှင်ကိုမောင်းထုတ်ဖို့ ပြည်သူတွေရဲ့ ရဲရင့်တဲ့ နိုင်ငံရေးအံတုမှုတွေ ဒါတွေအားလုံးဟာ ရုတ်ချည်းဖြစ်ခဲ့တာ များပါတယ်။ အဲဒီက စလို့ လက်နက်ကိုင် တွန်းလှန်မှုကို ပြည်သူတွေ ရွေးချယ်ခဲ့ကြတဲ့အခါ စစ်တပ်က အရင်လိုမနှိမ်နင်းနိုင်ခဲ့ပါဘူး။ အဲဒီလိုပဲ Civil Disobedience လို့ခေါ်တဲ့ အကြမ်းမဖက် အံတုမှုကိုလည်း မရပ်တန့်နိုင်ခဲ့ပါဘူး။ တဖက်မှာလည်း စစ်တပ်ကို အမြစ်ဖြုတ် နိုင်လောက်အောင် တော်လှန်ရေးဘက်ကလည်း အားမကောင်းခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၃ အောက်တိုဘာနဲ့ နိုဝင်ဘာလမှာတော့ ဒီအခြေအနေဟာ ပြောင်းလဲခဲ့ပါပြီ။ ဒီအပြောင်းအလဲ တွေဟာ ရုတ်တရက် မိုးပေါ်ကကျလာခဲ့တာ မဟုတ်ပါဘူး။ ဒီနေရာကို ရောက်လာဖို့အတွက် စုစည်းလာတဲ့ အကြောင်းရင်းတွေက ကြာခဲ့ပါပြီ။ ဒါပေမဲ့ Blitzkrieg လို့ ဂျာမန်လို့ခေါ်တဲ့ မိုးကြိုးပစ်သလို ဖြစ်လာတဲ့ စစ်ဆင်ရေးတွေကတော့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူဖြစ်ပေါ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက ယခင်က ရှိနေခဲ့တဲ့ အင်အားမျှခြေကို ဖြိုခွင်းပြီး မျှခြေအသစ်ကို ဖန်တီးပေးလိုက်ပါတယ်။
အခုဆိုရင် တော်လှန်ရေးနောက်တဆင့်ကို ခုန်တက်သွားပြီလို့ ဆိုနိုင်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (စကစ) နဲ့ တော်လှန်ရေးသမားတွေကြားက ပါဝါချိန်ခွင်လျှာဟာ အနေအထား ပြောင်းခဲ့ပြီဖြစ်ပါတယ်။

သေလောက်တဲ့ ဒဏ်ရာနဲ့ တောရိုင်းတိရိစ္ဆာန်လို စစ်တပ်

မြန်မာစစ်တပ်ဟာ အဘက်ဘက်မှာ သွေးထွက်နေခဲ့တာ ကြာပါပြီ။ အခုချိန်မှာ ပိုပြီးထင်ရှားလာတာကတော့ စကစဟာ သေလောက်အောင် ဒဏ်ရာရထားတဲ့ တောရိုင်းသတ္တဝါဖြစ်နေခဲ့ပါပြီ။ မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ နလံမထူနိုင်လောက်မယ့် အကျမျိုးကို ကြုံကြိုက်နေကြရပြီဖြစ်ပါတယ်။ ဇောက်ထိုးကျနေတဲ့ ဒီအခြေအနေကနေ ပြန်ပြီး နာလံထူလာနိုင်စရာအကြောင်းက တချက်ပဲရှိပါတယ်။ ဒါကို ကျွန်တော် နောက်ပိုင်းမှာ အကျယ်ချဲ့ပြီးပြောသွားပါမယ်။
ဒါက စကစ ကျဆုံးတော့မယ့် အကြောင်းကို ကျွန်တော် ပြောနေတာပါ။ စစ်တပ် ကျဆုံးမယ့် အကြောင်း ကျွန်တော် ပြောနေတာမဟုတ်ပါ။ စစ်တပ်နဲ့ အာဏာရှင်တွဲပြီးရှိနေတဲ့ အဖွဲ့ကြီးဟာ တလိမ့်လိမ့်နဲ့ ကျဆင်းလာတာ ပြိုသွားတော့မယ့် လမ်းဆီ နီးနေပါပြီ။ ဒါပေမဲ့ စစ်တပ်ဟာ အင်စတီကျူးရှင်းအနေနဲ့ ပျက်ပြယ် ပြိုကျသွားမယ်လို့ ကျွန်တော် မဆိုလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံအုပ်ချုပ်သူ အာဏာရှင်ဖြစ်နေတာကြောင့် စကစနဲ့ စစ်တပ်အင်စတီကျူးရှင်းဟာ တထပ်တည်းလို့ စဉ်းစားကြတာ သဘာဝပါ။ ဒီလိုတွေးတာဟာ မှန်သလားလို့ မေးရင် တဝက်မှန် တဝက်မှားပါ။ အဲဒီ တပ်အာဏာရှင် အုပ်ချုပ်သူနဲ့ တပ် အင်စတီကျူးရှင်းကို ခွဲမြင်တာဟာ ကောင်းပါတယ်။ ပိုပြီးနားလည် လာနိုင်သလို မဟာဗျူဟာအရ ရွေးချယ်ဆုံးဖြတ်ရတာတွေကို ပိုလုပ်လာနိုင်ပါတယ်။ စစ်ဓာတ်စစ်ဆင်ရေးမှာ ဒီလိုခွဲမြင်ထားတာက အသုံးဝင်နိုင်သလို နိုင်ငံရေးဆုံးဖြတ်ချက်တွေချတဲ့အခါလည်း အထောက်အကူ ဖြစ်ပါတယ်။
လက်ရှိစကစဟာ နောက်ဆုံးမှာ ပြိုကျလာမှာ သေချာပါတယ်။ စကစ ပြိုကျသွားပြီဆိုရင် မြန်မာစစ်အာဏာရှင် စနစ်ဟာလည်း ပြိုကျသွားမှာပါ။ ဒါပေမဲ့ စစ်တပ်ဟာ အင်စတီကျူးရှင်းအနေနဲ့တော့ တချို့ဟာ ကျန်ခဲ့ဦးမှာပါ။ ကျန်ခဲ့တဲ့သူတွေကို ဘာလုပ်ကြမလဲ။ ဒါက စစ်အာဏာရှင်စနစ်ဘယ်လို အဆုံးသတ်မလဲဆိုတဲ့ မေးခွန်းအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါတွေကို ထင်ကြေးပေးပြီး ဖြစ်လာနိုင်တာတွေကို မှန်းဆနေနိုင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မသိသလို သိလည်း မသိနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အရှိန်မြန်မြန်နဲ့ တရကြမ်းပြောင်းနေတဲ့ သမိုင်းထဲကို ရောက်နေပါတယ်။ ဒီသမိုင်းကို ဘယ်လိုရေးကြမလဲ အဆုံးသတ်ကို မသိပါဘူး။ မဆုံးဖြတ်နိုင်သေးပါဘူး။

စကစဟာ ဘယ်တော့ ပြိုမလဲ။
ကျွန်တော်တို့ မသိပါဘူး။ ဘယ်သူမှလည်း မသိနိုင်ပါဘူး။ ဒီမေးခွန်းဟာ အဖြေသေချာမသိသေးပါဘူး။ မပြီးဆုံးသေးတဲ့ သမိုင်းတခုပါ။ ဒီလိုဖြစ်လာဖို့ အကြောင်းအချက်များစွာနဲ့ သက်ဆိုင်ပါတယ်။ ဒီအကြောင်းအရင်းတွေ ဘယ်လို တိုက်ဆိုင်လာမလဲဆိုတာနဲ့ တိုက်ဆိုင်ပါတယ်။ အခုချိန်ကနေ စလို့ ခြောက်လကနေ ရှစ်လအတွင်း ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ တနှစ် သို့မဟုတ် တနှစ်ခွဲလောက်အတွင်းမှာလည်း ဖြစ်နိုင်ပါတယ်။

စစ်အာဏာရှင်စနစ်ဘယ်လိုပြိုကျမလဲ။

စစ်ရေးအနေနဲ့ လုံးဝကျရှုံးသွားလို့ အာဏာရှင်စနစ် ကျဆုံးသွားတယ်ဆိုတာမျိုး ဖြစ်ဖို့ အလားအလာ နည်းပါတယ်။ ကျွန်တော်ထင်တာတော့ မြန်မာစစ်တပ်ဟာ နောက်ဆုံးအချိန်အထိ သူတို့ခေါင်းဆောင် မင်းအောင်လှိုင် ကာကွယ်ပေးဖို့ ဆက်တိုက်ပေးနေမယ်လို့ မထင်ပါဘူး။ တဖြည်းဖြည်းနဲ့ တော်လှန်ရေး မဟာမိတ်တွေဟာ တစစနယ်မြေတွေ သိမ်းလာချိန်မှာ မင်းအောင်လှိုင်ဟာ အဝိုင်းခံ အသိမ်းခံနေရတဲ့ နေပြည်တော်ရဲ့ ‌ကတုတ်ကျင်းထဲမှာ သူ့ကိုယ်သူ သတ်သေတဲ့အချိန်အထိ သူ့စစ်တပ်ဟာ သူ့အတွက် တိုက်ပေးမှာ မဟုတ်ပါဘူး။ ဒီလိုဇာတ်လမ်းမျိုးဟာ ၁၉၄၅ မှာ အဒေါ့ဖ် ဟစ်တလာ ဘာလင်မှာ ကြုံခဲ့ရတဲ့ ဇာတ်လမ်းမျိုးပါ။ မြန်မာမှာလည်း ဒီလို ဇာတ်ကွက်မျိုးကို မြင်လာရနိုင်ပါတယ်။
တော်လှန်ရေး ထိုးစစ်ဆင်နွှဲမှုဟာ စစ်တပ်ဘက်ကို ဖိအားပိုပြီး များသထက်များလာနိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကို တော်လှန်ရေးဘက်က မကြာခင် အနိုင်တိုက်နိုင်ပြီးမြို့ကြီးတွေကို သိမ်းလာနိုင်မယ်လို့ တွေးတာကတော့ တော်တော် လက်တွေ့မကျတဲ့ မျှော်လင့်ချက်ဖြစ်သလို ဒီလို မျှော်လင့်နေရင်တောင် အန္တရာယ် အလွန်ကြီးပါတယ်။ စစ်တပ်ဟာ နဂိုကတည်းက အချိုးအဆပေါင်းများစွာ သာလွန်တဲ့ အင်အားရှိတဲ့ တပ်ပါ။

အတွင်းကနေ လှိုက်စားပြိုကျနိုင်မလား။

စကစ ပြိုကျဖို့ ဆိုရင် မြန်မာစစ်တပ်ကို အားလုံးပေါင်းပြီး အလွှာပေါင်းစုံက ဖိအားပေးနိုင်မှ ပြိုမှာပါ။ လက်နက်ကိုင် တော်လှန်ရေး၊ CDM၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးဖိအား၊ စီးပွားရေးဖိအားနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဖိအားတွေ အားလုံးပါမှ အတွင်းကနေ ပြိုမှာပါ။ ဒီလိုဖြစ်ဖို့ နှစ်နည်း ဖြစ်နိုင်ပါတယ်။ တနည်းကတော့ မြန်မာစစ်တပ်ဟာ အောက်ခြေကနေ ပြိုကျတာမျိုး ဖြစ်နိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျပြီး စိတ်ဓာတ်အင်အားလည်း ညံ့ဖျင်း၊ ကောင်းကောင်းမွန်မွန် မကျွေးထားတဲ့ တပ်တွေ၊ လက်နက်အင်အား မတောင့်တင်းတဲ့ တပ်တွေဟာ တတိုင်းတပြည်လုံးဖြန့်ပြီး တော်လှန်ရေး ပြောက်ကျားတွေက မပြတ် တိုက်ခိုက်တာကို ခံနေကြရပါတယ်။ အထက်က ပေးလာတဲ့ အမိန့်ကို နာခံဖို့ တချက်ရပ်တန့်လိုက်ပြီး လက်နက်ချ လိုက်တာနဲ့ ဒီလိုအောက်ခြေက ယိုင်နဲ့ သွားတာမျိုးနဲ့ ကွဲထွက် နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာလည်း ဒိုမီနိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ ဆက်တိုက် ပြိုကျလာနိုင်ပြီး နေပြည်တော်အနားက စခန်းတွေအထိကို ဒါမျိုး ဖြစ်နိုင်ပါတယ်။ တချို့ မြို့ကြီးတွေ- ဥပမာ-မန္တလေးလို မြို့ကြီးတွေမှာ တပ်တွင်းသူပုန်ထပြီး တပ်ရဲ့ မြို့ကို ထိန်းချုပ်ထားနိုင်မှုကိုပြင်းပြင်းထန်ထန် တိုက်ခိုက် ဖြိုချလိုက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအခါ မင်းအောင်လှိုင်ဟာ သူလုံးဝ ဆက်နေလို့ မရတော့ဘူးဆိုတာ သဘောပေါက်မှာပါ။ အဲဒီလို အချိန်ကျရင် လေယာဉ်ပေါ် ခုန်တက်ပြီး သူ့ကို မြန်မာပြည် ရောက်အောင် ပြန်လွှဲမပေးဘူးလို့ သူစိတ်ချရတဲ့ နိုင်ငံ တစ်ခုခု ဒါမှမဟုတ် တရုတ်ပြည်ကို ထွက်ပြေးသွားနိုင်ပါတယ်။

စကစရဲ့ ပြိုလဲမှုဟာ တပ်ထဲမှာ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ အာဏာပြန်သိမ်းရာကနေလည်း ဖြစ်နိုင်ပါတယ်။ ဒီလို တပ်တွင်းအာဏာသိမ်းမှုမျိုးရှိခဲ့ရင် တဖက်သတ် အပစ်အခတ်ရပ်စဲမှုတွေ ရှိလာနိုင်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့အတူ မြန်မာ့ အိမ်နီးချင်းတွေ၊ အာဆီယံ နိုင်ငံတွေပါဝင်ပြီး စားပွဲဝိုင်းဆွေးနွေးကြဖို့ကို အဆင်သင့် ဖြစ်လာနိုင်ပါတယ်။ ဒါတွေဖြစ်လာမယ်ဆိုရင် တပ်တွင်းအာဏာသိမ်းမှုကို လုပ်မယ့်သူတွေဟာ လက်ရှိ မင်းအောင်လှိုင်နဲ့ အတူတူ ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေ အတူကျူးလွန်ခဲ့တဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တွေလား၊ တိုင်းပြည်စီးပွားရေးကို မတရားသဖြင့် အနိုင်ကျင့်ရယူထားရာမှာ ပါဝင်ထားတဲ့ ထိပ်တန်း အရာရှိတွေလား၊ ဒါမှမဟုတ် ဒီအာဏာပြန်သိမ်းမှုဟာ ဒီရာဇဝတ်မှုတွေမှာ သိပ်ပြီး မပတ်သက်ထားတဲ့သူတွေက လုပ်တာဖြစ်မလား။ အဂတိလိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် ချမ်းသာကြွယ်ဝအောင် ကြံစည်လုပ်ဆောင် ထားခြင်းမရှိတဲ့သူတွေက လုပ်တာဖြစ်မလားဆိုတဲ့ မေးခွန်းတွေပေါ်လာပါတယ်။ ပထမအုပ်စုကသာ အာဏာ ပြန်သိမ်းတာဆိုရင်တော့ သူတို့တွေဟာ ရှိရင်းစွဲ သိမ်းပိုက်ထားတဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေ လက်လွှတ် ဆုံးရှုံးရတာမျိုး မရှိအောင် ဦးစားပေးဖို့ ဆန္ဒပြင်းပြမှာပါ။ သူတို့ ရသလောက် အာဏာကိုလည်း ယူထားဖို့၊ အခွင့်ထူးခံ လူတန်းစားဖြစ်နေခြင်းကို ဆက်ပြီး ခံစားခွင့်ရဖို့၊ ကျူးလွန်ထားပြီးသား ကိစ္စတွေအတွက် အပြစ်ဒဏ်မခံရဖို့၊ သူတို့ရာထူးတွေကို ကာကွယ်ဖို့နဲ့ ရထားတဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့ အစရှိတာတွေကို ဦးစားပေးကြမှာ ဖြစ်ပါတယ်။ တကယ်လို့ အတွင်းက အာဏာသိမ်းတာကို သူတို့မဟုတ်ဘဲ တခြားအုပ်စုက လုပ်တာဆိုရင်တော့ အရပ်သား အုပ်ချုပ်ရေးကိုလက်ခံပေးဖို့၊ လုံခြုံရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကိစ္စကို လက်သင့်ခံရာမှာ ပိုလွယ်ကူနိုင်ပါတယ်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

အပိုင်း (၂) – https://bur.mizzima.com/2023/12/27/10442

အပိုင်း (၃) – https://bur.mizzima.com/2023/12/28/10562

အပိုင်း (၄) − https://bur.mizzima.com/2023/12/29/10685

အပိုင်း (၅) − https://bur.mizzima.com/2023/12/30/10798