ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုများပြုလုပ်၊ အနည်းဆုံး လူ ၆ ဦး ထိခိုက်

ကီရာ

(မဇ္ဈိမ)။ ။ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (DSA) ကိုဦးတည်သော ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုများ ယနေ့ ( ဧပြီ ၁၄ရက်) ည ၉နာရီကျော်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယခုပစ်ခတ်တိုက်ခိုက်မှုလက်သည်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ကြေညာခြင်းမပြုသေးပါ။ ည ၉ နာရီ ၁၈ မိနစ်က စတင်ပစ်ခတ်သော ဒုံးပစ်ခတ်မှုများနောက်တွင် ပေါက်ကွဲသံများလည်းထွက်ပေါ်နေခဲ့သည်မှာ ည ၁၀ နာရီခန့်အထိဖြစ်သည်။
“မြေတွေတောင် လှုပ်ခါသွားတယ်။ အသံက အရမ်းကျယ်လွန်းတော့ လန့်သွားတာ ဒါတောင် ဖြစ်တဲ့နေရာနဲ့ ညီမတို့က ဝေးတာ။ အခုက ပြင်ဦးလွင်က လူတိုင်းပေါက်ကွဲသံက ကြားရကြတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ပေါက်ကွဲသံ နှစ်ဒါဇင်ခန့်ကြားခဲ့ရပြီး စစ်တက္ကသိုလ်အပြင် အခြားသော စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ဦးတည်ပစ်ခတ်ဟန်ရှိကြောင်းဒေသခံများက ပြောကြားသော်လည်း ပေါက်ကွဲသံများမှာ ရှော့တိုက်ဒုံးပေါက်ကွဲမှုသက်သက်လား၊ နှစ်ဘက်ပစ်ခတ်မှုများကြောင့်လားဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပါ။

” ကြောက်ဖို့ ကောင်းတယ်။ မီးတန်းကြီးက အိမ်ကို ကျော်သွားတာ။” ဟု နောက်ထပ်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ပြင်ဦးလွင် သစွာလမ်းပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် ဆေးရုံပေါ်သို့ ကျည်ကျရောက်မှုလည်းရှိခဲ့ကာ အနည်းဆုံး လူခြောက်ဦး သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုရှိနေသည်ဟု ဒေသခံတဦးက ပြောသည်။

ဒေသတွင်း သတင်းများထုတ်ပြန်သော မေမြို့ဟစ်တိုင်လူမှုကွန်ရက်စာမျက်နှာတွင် ဆေးရုံ၏အရိုးအကြောဌာနသို့ ရှော့တိုက်ဒုံးကျရောက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ပုံများပြသထားသည်။
“မြို့ပေါ်မှာ လူနာတင်ကားသံတွေတော့ ကြားရပေမယ့် ဘယ်သူတွေကို ကူညီနေတယ်ဆိုတာတော့ မသိရဘူး။ စစ်ကားတွေကတော့ ပတ်နေတာတွေ၊ ပိတ်နေတာတွေ ရှိတယ်။ ညဘက်ဆိုတော့ သေချာ မသိရသေးပါဘူး” ဟု ဒေသခံတဦးက ပြောသည်။