အကျဉ်းချခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို မမေ့ကြစေချင်

နှစ်သစ်အတွက် မဇ္ဈိမ အယ်ဒီတာ့အာဘော်

ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်ခေါင်းဆောင်များသည် တိုင်းပြည် ၏ “ဒီမိုကရေစီ မီးရှူးတိုင်” ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချထားခြင်းဖြင့် သူ၏ စိတ်ဆန္ဒကိုပါ ပိတ်လှောင်ထားနိုင်လိမ့်မည်ဟု မှတ်ယူနေကြသည်။ ထောင်သွင်းအကျဉ်းချထားမှု သုံးနှစ်တာကာလနီးကပ်လာသည်နှင့်အမျှ သူ့လွတ်မြောက်ရေးအတွက် ကမ္ဘာတဝှမ်းလုံးက သတိတရ ဖိအားပေး လှုံ့ဆော်မှုများပြုလုပ်ရန် လိုအပ်လာသည်။

နိုင်ငံတကာ သတင်းစာမျက်နှာများ၏ခေါင်းကြီးပိုင်းတွင် သူ့အမည်ပျောက်ကွယ်နေပြီး နိုင်ငံတကာစင်မြင့်ထက်တွင် မေ့ပျောက်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ယခုဆိုလျှင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရသောကြောင့် ကျန်းမာရေးအခြေအနေ ယိုယွင်းလာနိုင်ပြီး ဘ၀နောက်ဆုံးအချိန်များကို ထောင်ထဲတွင်ကုန်ဆုံးရဖွယ်ရှိသည်။

သူဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တခဲနက် အောင်မြင်မှုရရှိခဲ့သော်လည်း စစ်ခေါင်းဆောင်များက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းသော တရားမဝင်လုပ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် အကျပ်အတည်းပဋိပက္ခများ ကြုံနေရဆဲဖြစ်သည်။

အသက်အရွယ်ကြီးရင့်၍ ကျန်းမာရေးချို့တဲ့သော အမျိုးသမီးကြီးတယောက်ကို မြန်မာစစ်ဗိုလ်ချုပ်များက အဘယ့်ကြောင့် ဤမျှလောက် ကြောက်ရွံ့ထိတ်လန့်နေကြပါသနည်း။

သူသည် မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် အသက်ပေး ကြိုးပမ်းခဲ့သော်လည်း ၁၉၄၇ တွင် လုပ်ကြံခံခဲ့ရသည့် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခဲ့သူဖြစ်သည်။ သူသည်ကံကြမ္မာစေခိုင်းသည့်အတိုင်း ဗြိတိသျှပညာရှင်နှင့်လက်ထပ်ခဲ့သည်။ မြန်မာနိုင်ငံသည် အမှောင်လွှမ်းသော သမိုင်းကြောင်းဖြင့်စစ်အုပ်ချုပ်ရေးအောက် ကျရောက်နေ၍ ဗြိတိန်တွင်နေထိုင်ခဲ့သည်။ ၁၉၈၈ တွင် နာမကျန်းဖြစ်နေသော မိခင်အား ပြုစုစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း ရာထူးမှဆင်းသွားပြီးနောက်တွင်လည်း မြန်မာဗိုလ်ချုပ်ကြီးများသည် စစ်အုပ်ချုပ်ရေးဆက်ထူထောင်ကာ ဒီမိုကရေစီကို အမျိုးမျိုးပုံဖျက်ရန် ကာလကြာရှည်စွာကြိုးစားခဲ့ကြသည်။

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံရေးတွင် ပါဝင်လာခဲ့ပြီး ၁၉၈၈ စက်တင်ဘာလ ၂၇ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် သူ၏ပါတီသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး စစ်တပ်၏ ညံ့ဖျင်းသောလုပ်ပုံကိုင်ပုံများကို ဖော်ထုတ်ပြနိုင်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ အင်းယားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ်ဖြင့် အထီးကျန်စွာ နေထိုင်ခဲ့ရသည့်အချိန်တွင်ပင် ကမ္ဘာခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဂန္ဒီ၊ မင်ဒဲလားတို့နှင့် နှိုင်းယှဉ်ခံရပြီး ၁၉၉၁ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထိုစဉ်မြန်မာစစ်ခေါင်းဆောင်များသည် ၎င်းတို့ အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် “စည်းကမ်းပြည့်၀သော ဒီမိုကရေစီ” ဟု ခေါင်းစဉ်တပ်၍ တိုင်းပြည်ကို ဒီမိုကရေစီဗန်းပြကာ နောက်ကွယ်တွင် လိုသလို ပုံဖော်နေခဲ့ကြသည်။

၂၀၁၀ တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ကမ္ဘာ့ပရိတ်သတ်များကို ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သလိုပင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ဝင်ရောက်လာကာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးမှလွတ်မြောက်အောင် ကြိုးပမ်းခဲ့ရသည့်တာဝန်မှာ အလွန်ခက်ခဲကြမ်းတမ်းခဲ့သည်။ “မြန်မာနိုင်ငံမှာ ကျွန်မတို့ ကြိုးစားနေတာက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ထူထောင်ဖို့မဟုတ်ဘဲ တကယ့် ဒီမိုကရေစီယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို ထူထောင်ဖို့ ဖြစ်တယ်။ ရာစုနှစ်တ၀က်လောက် တိုင်းပြည်ကို ဖျက်စီးခဲ့တဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီလိုအခြေခံအုတ်မြစ်ကို ထူထောင်ဖို့ဆိုတာ မလွယ်ကူပါဘူး” ဟုဆိုကာ စစ်ဗိုလ်ချုပ်ကြီးများကို သတိကြီးကြီးထားပြီး တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ မြှင့်တင်ပေးရာတွင် NLD ကို ပြန်လည်အားဖြည့်ပေးရန် ဥရောပရှိ ပြည်သူများအား သူက ပြောကြားခဲ့ဖူးသည်။

အတိတ်ကို ပြန်ကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယုံကြည်လွန်းပြီး ကျေအေးနိုင်လွန်းသူ တယောက် ဖြစ်နိုင်သည်။ သူ၏ အမှားရှိခဲ့လျှင်တောင်မှ အဆိုပါဖြစ်နိုင်ဖွယ်အမှားအယွင်းမှာ ဆယ်စုနှစ်များစွာကြာ မြန်မာပြည်သူလူထုနှင့် လူနည်းစုများကို လွှမ်းမိုးအနိုင်ကျင့်ခဲ့သည့် မြန်မာစစ်တပ်ပေါ်တွင် “အကြမ်းမဖက်‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး” လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်သည်။ ၂၀၁၇ တွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် နိုင်ငံတကာတရားရုံး၌ ရင်ဆိုင်ရချိန်တွင်တောင်မှ စစ်တပ်ဘက်က သူရပ်တည်ပေးခဲ့သည်။

ယနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံမှာ တိတ်ဆိတ်နေသည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် ဒီမိုကရေစီအရေးနှင့် ပတ်သက်လျှင် မည်သည့်အခါမျှ လေးလေးနက်နက် မရှိကြောင်း ရှင်းလင်းပြတ်သားစွာသိထားသင့်သည်။ အာဏာသိမ်းပြီး နိုင်ငံ၏ ဒီမိုကရေစီ ရှေ့ဆောင်လမ်းပြဖြစ်သော ခေါင်းဆောင်ကို ဖမ်းဆီးထောင်ချခြင်းသည် ပြည်သူလူထု၏ ရွေးချယ်မှုကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းရန် ခက်ခဲကြမ်းတမ်းသော မြန်မာ့ဒီမိုကရေစီခရောင်းလမ်းကိုလျှောက်လှမ်းရင်း သူ၏ ဘဝတ၀က်နီးပါးကိုဖြတ်သန်းခဲ့ရသည်။

လက်ရှိတွင် သူသည် နေပြည်တော် အကျဉ်းထောင်တွင် အထီးကျန် အကျဉ်းချခံနေရပြီး မြန်မာစစ်တပ်ကတော့ ဒီမိုကရေစီအနာဂတ်မျှော်မှန်းချက်အမြင် လုံးဝမရှိတာ သိသာလှသည်။ “စစ်ယူနီဖောင်းလဲ၍ (နိုင်ငံရေးဖြစ်စဉ်ထဲ)ဝင်ဖို့ကြိုးစားတာက ရှင်တို့ရဲ့ စိတ်နေစိတ်ထား အလိုအလျောက် ပြောင်းလဲသွားတာ မဟုတ်ဘူး” ဟု သူမှတ်ချက်ချခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံရသည့် သုံးနှစ်မြောက် နှစ်ပတ်လည် နီးကပ်လာသည်နှင့်အမျှ ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဖိအားပေး တောင်းဆိုမှုများ အရှိန်မြှင့်ရန် လိုအပ်လာသည်။

(Mizzima Editorial – Let’s not forget Burma’s jailed democracy icon အားမြန်မာဘာသာပြန်ဆိုသည်။)