တိုက်ပွဲများ မြို့ပြနေရာများအထိ ဆင်နွှဲလာကြပြီး ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း စစ်ကောင်စီခေါင်းဆောင်ဆို

001

(မဇ္ဈိမ)။ ။ တိုက်ပွဲများ မြို့ပြနေရာများအထိ ဆင်နွှဲလာကြပြီး ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့က ဝန်ခံပြောကြားသွားသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ အခါတွင် ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည်ဟု စစ်ကောင်စီခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီတပ်၏ အဓိကအမာခံ အရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များအနေဖြင့် အရေးကြုံပါက သက်လုံကောင်းစွာဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ၏ တပ်စခန်းများသိမ်းပိုက်ခံနေရပြီး မြို့သိမ်းတိုက်ပွဲများလည်း ဆင်နွှဲခံနေရသော်လည်း အဆိုပါ အခြေအနေများကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ နှစ်လကြာကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများဘက်က မြို့ပေါင်း ၂၄ မြို့အထိ သိမ်းပိုက်ထားနိုင်ခဲ့ကြကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံအနှံ့မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်းတွင် တိုက်ပွဲပေါင်း ၁၂,၅၀၀ ကျော် ကြိမ်ဖြစ်ပွားခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး