သိန္နီမြို့တွင်းကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်သည့် မြို့ပြင်တပ်ကို ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်

ဓါတ်ပုံ-PLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်တွင် နောက်ဆုံးကျန်ရှိနေသည့် အမှတ်(၁၆) ခြေလျင်တပ်မဟာကို ယခု ဇန်နဝါရီလ ပထမအပတ်တွင် အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA ) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဟိန်းဇင်က မဇ္ဈိမကို ပြောသည်။

“ အခုကျနော်တို့က မြို့ကိုထိန်းထားပြီး တပ်မ(၁၆) ကိုဝိုင်းထားတာပါ။ ကျနော်တို့မြို့ကို ထိန်းထားတယ် တပ်မဆုတ်ပါဘူး။ မြို့ထဲမှာက စကစတွေ မရှိတော့ဘူး။ မြို့ပြင်ဘက်မှာတော့ တပ်မ ၁၆ ရှိတယ်။ တပ်မ ၁၆ကို ကျနော်တို့ ဒီနှစ်အစ ရက်တွေထဲကနေ ထိုးစစ်ဆင်နေပါတယ်။ အခုနှစ်စမှာတော့ နောက်ထပ်ရှေ့ထပ်လှမ်းပြီး ထိုးစစ်ဆင်နေပါတယ်” ဟု ရဲဘော်ဟိန်းဇင် က ပြောသည်။

ယခုရက်ပိုင်းတွင် သိန္နီမြို့၌ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံ အမျိုးသမီးတဦးကလည်း မဇ္ဈိမကို ပြောသည်။

“ဟုတ်တယ်။ အခု သိန္နီမှာ စစ်တပ်တွေကို ချနေတာ ကုန်တော့မယ်တဲ့” ဟု ဒေသခံက ပြောသည်။

သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ညီနောင်သုံးဖွဲ့နှင့်အတူ PLA ပူးပေါင်းတပ်ဖွဲ့တို့က မြို့တွင်းရှိ သိန္နီရဲစခန်းအပါအဝင် ဌာန ဆိုင်ရာ ရုံးများကို တိုက်ခိုက်ကာ မြို့တွင်းကို ထိန်းချုပ်နိုင်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ သိန္နီမြို့ကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီးနောက် မြို့တွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

“မြို့ပြင်ဘက် တပ်မ၁ ၆ ဂွင်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေပါတယ်။ မြို့ထဲမှာတော့ တိုက်ပွဲမဖြစ်ဘူး။ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေယာဥ်နဲ့ လာပစ်တာတွေတော့ရှိတယ်။ မြို့ထဲမှာ ပြည်သူတွေရှိပါတယ်။ ရှောင်နေကြတာတွေလည်း ရှိတာပေါ့” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဟိန်းဇင်က ပြောသည်။

သိန္နီမြို့တွင်းကို ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်သော်လည်း မြို့ပြင်တွင် အင်အား ထောင်ဂဏန်းခန့်ရှိသည့် သိန္နီအခြေစိုက် အမှတ်(၁၆) ခြေလျင်တပ်မဟာ တခု ကျန်ရှိနေသေးကြောင်း နှင့် ယင်းတပ်သည် သိန္နီမြို့ရှိ အကြီးဆုံး တပ်ဖြစ်ကြောင်း ရဲဘော် ဟိန်းဇင် ကပြောသည်။ ယင်း အမှတ်(၁၆) ခြေလျင်တပ်မဟာ ကို ဗိုလ်မှူးချုပ် အေးမင်းဦး မှ တပ်မဟာမှူးအဖြစ် ကွပ်ကဲကာ ယင်းလက်အောက်တွင် ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၊ အင်ဂျင်နီယာတပ်ရင်း၊ ဆေးတပ်၊ ဗျူဟာကုန်းနှင့် ပွိုင့်ကုန်းများရှိကြောင်း သိရသည်။ ယင်းတပ်ရင်းများအနက် အချို့ကို သိမ်းထားနိုင်ပြီး စစ်ရေးအရ လတ်တလောတွင် ထုတ်ပြော၍ မရသေးကြောင်း ၎င်းက ဆိုသည်။

“ခန့်မှန်းအင်အားက ထောင်ဂဏန်းရှိအုံးမယ်ထင်တယ်။ တပ်မ၁၆ကကြီးတယ်။ ခမရ၊ ခလရတပ်ရင်းတွေ၊ GEတပ်၊ ဆေးတပ်၊ ဗျူဟာကုန်းတွေ ဌာနချုပ်တွေ၊ ပွိုင့်ကုန်းတွေပါ။ ကျနော်တို့သိမ်းထားနိုင်တဲ့နေရာတွေလည်းရှိပါတယ်။ တချို့စစ်ရေးအချက်အလက်တွေက စစ်ရေးအရ ပြောလို့မရသေးလို့ခဗျ” ဟု ရဲဘော်ဟိန်းဇင်က ပြောသည်။

စစ်ဆင်ရေး စတင်ချိန်မှစတင်ကာ သိန္နီမြို့အပါအဝင် ချင်းရွှေဟော်၊ ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ နမ့်ခမ်းမြို့များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များကို တိုက်ထုတ်နိုင်ခဲ့ကာ ၎င်းမြို့များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးများဖြင့် အစားထိုးလျက်ရှိကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့တွင် ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်ထားသည်။ ထို့နောက် TNLA က နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူနှင့် မိုင်းငေါ့ မြို့များကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး