တရုတ်နိုင်ငံမှ အလုပ်သမားများ စံချိန်တင် လစာကျဆင်းမှု ကြုံတွေ့နေရ

The Straits Times

တရုတ်နိုင်ငံ အဓိကမြို့ကြီးများရှိ အလုပ်သမားများအား ပေးဆောင်သော လုပ်ခလစာသည် စံချိန်တင် အများဆုံး ကျဆင်းခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံတွင် ငွေကြေးဖောင်းပွမှုလျော့ပါးရေးလုပ်ဆောင်သောဖိအားများနှင့် နှေးကွေးနေသော စားသုံးသူယုံကြည်မှု ဆက်လက်တည်ရှိနေကြောင်း ပြသနေသည်။

တရုတ်နိုင်ငံ၏ အဓိကမြို့ကြီး ၃၈ မြို့တွင် အလုပ်ခန့်ထားမှုအသစ်အတွက် ကုမ္ပဏီများမှ ပေးအပ်သော ပျမ်းမျှလစာများသည် လွန်ခဲ့သည့်တနှစ်ကထက် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် ယွမ် ၁၀ ,၄၂၀ (အမေရိကန်ဒေါ်လာ ၁, ၉၅၀) သာရှိကာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အလုပ်အကိုင်ခန့်အပ်ရေးအေဂျင်စီ Zhaopin ၏အချက်အလက်များကို ကိုးကား၍ Bloomberg မှ ပြုစုထားသောစာရင်းအရ ထိုဖြစ်ရပ်သည် ၂၀၁၆ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးလုပ်ခလစာကျဆင်းမှုဖြစ်သည်။

နှစ်အလိုက် ပြောင်းလဲမှုဆိုင်ရာအချက်အလက်များကို ၂၀၁၆ တွင် ပထမဆုံး ကောက်ယူပြီးနောက် ယခုဖြစ်ရပ်သည် သုံးလပတ် သုံးကြိမ်ဆက်တိုက် ကျဆင်းမှုဖြစ်ကာ အရှည်ကြာဆုံးဖြစ်သည်။

တရုတ်တွင် လုပ်အားခသည် စတုတ္ထ သုံးလပတ်တွင် လွန်ခဲ့သည့် တနှစ်ကထက် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ကွမ်ကျိုးတောင်ပိုင်းမြို့ကြီးများတွင် လစာများမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထိုအချက်အလက်များသည် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ ရင်ဆိုင်ရမည့် ငွေကြေးဖောင်းပွမှုအန္တရာယ်များကို မီးမောင်းထိုးပြနေကာ စီးပွားရေးတိုးတက်မှုအလားအလာအပေါ် ချိန်ဆသိရှိနိုင်သည်။

အခြေအနေမကောင်းသော အလုပ်အကိုင်ဈေးကွက်ကြောင့် ပြည်သူများသည် ၎င်းတို့၏အသုံးစရိတ်ကို လျှော့ချလာနိုင်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး အရှိန်ဖြင့် ကျဆင်းနေပြီးဖြစ်သော စားသုံးသူစျေးနှုန်းများအပေါ် ပိုမိုသက်ရောက်လာနိုင်သည်။

သမိုင်းတလျှောက် အဆိုးရွားဆုံး ကျဆင်းနေသည့် အိမ်ခြံမြေဈေးကွက်အတွက်လည်း မကောင်းသော လက္ခဏာဖြစ်သည်။ မသေချာမရေရာသော ဝင်ငွေအလားအလာကြောင့် အိမ်ထောင်စုများသည် အိမ်ဝယ်ယူမှုများ ဆက်လက်နှောင့်နှေးနိုင်ပြီး ချေးငွေများယူရန် ရှောင်ရှားလာနိုင်သည်။

တရုတ်နိုင်ငံတွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြိုခွင်းမှုများနှင့် စိုးရိမ်ရသည့် အစိုးရဘဏ္ဍာငွေအခြေအနေကြောင့် ဒေသန္တရအစိုးရဝန်ထမ်းများနှင့် နည်းပညာနှင့်ဘဏ္ဍာရေးအပါအဝင် ကဏ္ဍများစွာတွင် လစာဖြတ်တောက်မှုများ အကြီးအကျယ်လုပ်ဆောင်နေသည်။

ထို့ပြင် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် ပြည်တွင်းနှင့် ပြည်ပဝယ်လိုအား အားနည်းမှုဖိအားများကို ရင်ဆိုင်နေရသည်။

လျှပ်စစ်ကားများ၊ ဘက်ထရီများ၊ ဆိုလာနှင့် လေစွမ်းအင်တို့အပါအဝင် စီးပွားရေးအသစ်ဟုခေါ်သော ကဏ္ဍများတွင် လုပ်ငန်းခွင်စဝင်သူများ၏ လစာများ ကျဆင်းလျက်ရှိသည်။ Caixin Insight Group နှင့် Business Big Data တို့၏ သီးသန့်စစ်တမ်းတခုအရ ပျမ်းမျှလစာသည် ယခုနှစ်အစောပိုင်းကထက် ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ယွမ် ၁၃ ,၇၅၈ သာရှိသည်။

စာရင်းဇယားအာဏာပိုင်များက ကိန်းဂဏန်းများအား ထုတ်ပြန်ခြင်းမရပ်တန့်မီ ဇွန်လအထိ စာရင်းအရ လူငယ် ငါးဦးတွင် တဦးထက်မက အလုပ်လက်မဲ့ဖြစ်နေကြောင်း တရားဝင်အလုပ်လက်မဲ့နှုန်းစိစစ်မှုက ပြသနေသည်။

ယင်းမှာ အလုပ်အကိုင် အလားအလာအပေါ် စိုးရိမ်မှုကြောင့် လုပ်ခလစာနည်းပါးခြင်းနှင့် အလုပ်ချိန်ပိုကြာခြင်းကို လက်ခံထားပုံပေါ်ပုံပေါ်သည့် အတွေ့အကြုံရှိ အလုပ်သမားများအပေါ် ကုမ္ပဏီများ၏ ဦးစားပေးမှု တိုးလာခြင်းကြောင့်လည်းဖြစ်သည်။

အစိုးရက အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်ရှုပ်ထွေးမှုများကို ဆွေးနွေးဖြေရှင်းနေသည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံစာရင်းအင်းဗျူရိုက ကောက်ယူထားသောအချက်အလက်များအရ စားသုံးသူယုံကြည်မှုအညွှန်းကိန်းသည် နိုဝင်ဘာတွင် သမိုင်းဝင်အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်ဟု ဆိုသည်။ ထိုအညွှန်းကိန်းသည် ပြည်သူသူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နှင့် သုံးစွဲလိုစိတ်တို့ကို ထည့်သွင်းတွက်ချက်ထားသည်။

ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်မှုများ ဆက်လက်တည်ရှိနေချိန် ၂၀၂၂ တွင် တွေ့မြင်ရသည့်အခြေအနေများအရ စားသုံးသူယုံကြည်မှုသည် တိုးတက်မှုမရှိသေးပေ။