စစ်ရေးအရအရေးပါသည့် မိုးမိတ်မြို့နယ်မှ စစ်ကောင်စီစခန်းကို TNLA သိမ်းယူ

ပုံအညွှန်း-ဆင်ကင်စခန်းမှသိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စခန်း/Photo -TNLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းတခုကို ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ထုတ်ပြန်သည်။

မိုးမိတ်မြို့နယ်ရှိ ဆင်ကင်တပ်စခန်း ဒေသအခေါ် ကျန်ကန်တပ်စခန်းကို ဇန်နဝါရီ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၅ ရက် နံနက် ၅နာရီ ၃ဝ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က
“စကခ(၂၁) နဲ့ ခလရ(၂၂၃) ထိုင်ထားတဲ့ တပ်ဖြစ်တယ်။ ဒီ(ဇန်နဝါရီလ) ၃ ရက်နေ့က စတိုက်ပွဲ ဖြစ်တယ်ပေါ့။ ဒီနေ့မနက် အစောပိုင်းမှာတော့ သိမ်းဆည်းရရှိတာဖြစ်တယ်။ သုံ့ပန်းနဲ့ ရန်သူ့အလောင်းသေဆုံးမှုတော့ ကျနော့်ဆီမှာတက်လာတာမရှိသေးဘူး” ဟုပြောသည်။

မိုးမိတ်မြို့အတွင်းတွင် မိုးမိတ်ဗျူဟာတပ်စခန်းရှိပြီး ယခုသိမ်းဆည်းရရှိသည့် ဆင်ကင်တပ်စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းဖြစ်သည်။ စစ်ရေးအရအချက်အချာကျပြီး စစ်ကောင်စီတပ်သည် ခုခံနိုင်စွမ်းမရှိတော့၍ ဆုတ်ခွာထွက်ပြေးသွားခြင်းဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ မှ ၅၀ ခန့်ရှိပြီး ဆုတ်ခွာထွက်ပြေးလာသူများသည် ယနေ့ နေ့လယ်တွင် မိုးမိတ်ဗျူဟာသို့ ရောက်ရှိလာကြောင်း သိရသည်။

” မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ ထိစပ်ဒေသတွေအတွက် အရေးပါတဲ့ ရှေ့တန်းစခန်းဖြစ်တယ်။ အဲ့လိုစခန်းတွေကို ပူးပေါင်းအဖွဲ့ကလိုက်တိုက်ပြီးသိမ်းနေတာ”ဟု မိုးမိတ်မြို့ခံတဦးကပြောသည်။

ဆင်ကင်စခန်းကို သိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ မိုးမိတ်တပ်စခန်းမှ လက်နက်ကြီး ၁၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူမြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းငေါ့မြို့ကို ဇန်နဝါရီ ၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချိုနှင့် လားရှိုးမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေသည်။

စာတည်း – အေးချမ်း