ညောင်လေးပင်တွင် စစ်ကောင်စီလက်နက်ကြီးကျည် နာရေးအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ၄ ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရ

ပုံအညွှန်း − စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည် ဒေါ်စန်းပို။ /ဓာတ်ပုံ − ပေးပို့

ရွှေနွယ်

(မဇ္ဈိမ) ။ ။ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် နာရေးပြုလုပ်နေသောအိမ်တအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရသွားသည်ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ညောင်လေးပင်မြို့အခြေစိုက်ခြေမြန်တပ်ရင်း ခမရ (၂၀)မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ရေဖြူကန်ကျေးရွာရှိ နာရေးအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခြင်းဟုသိရသည်။

“နာရေးလုပ်နေတဲ့အိမ်တည့်တည်ကိုသွားကျတာ။ နာရေးကမချရသေးဘူး။ ရွာမှာတင်သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေထဲက မအေးမာဆိုသူက ပဲခူးဆေးရုံပို့နေရင်း ဘုရားကြီးမှာတင်သေဆုံးသွားပါတယ်” ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏လက်နက်ကြီးကြောင့် နာရေးအိမ်တွင်ရောက်ရှိနေသည့် ဒေါ်အေးမာ(၃၅)နှစ်၊ ဦးညွန့်တင်(၆၀)နှစ်၊ ကိုဟိန်း(၁၆)နှစ်နှင့် ဒေါ်စန်းပို(၅၅)နှစ်တို့သေဆုံးခဲ့ပြီး အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ရှစ် ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူ ၁၆ ဦးအနက် ပြင်းထန်ဒဏ်ရာရရှိသူများကို ပဲခူးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

“အဲ့ဒီမှာ ဒဏ်ရာရတဲ့ဟာတွေကိုပဲ အရင်ဆုံး၊အမြန်ဆုံး ပဲခူးဆေးရုံကို ပို့ကြရတာ။ တော်တော်များများက ပြင်းထန်တွေချည်းပဲ။ နာရေး တခုကနေ နှစ်ခု ၊သုံးခုအဲ့လိုမျိုးဖြစ်ကုန်တာပေါ့ဗျာ” ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ ၎င်းတို့အနေဖြင့် ဒဏ်ရာရသူများ၏ အခြေအနေနှင့် သေဆုံးသူအရေအတွက်ကိုသာ အသေးစိတ်သိရှိရပြီး နာရေးအိမ်၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရကြောင်းပြောသည်။ မဇ္ဈိမအနေဖြင့်လည်း နောက်ဆက်တွဲအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ဒေသခံများထံအဆက်အသွယ်ရရှိရေးကြိုးပမ်းနေဆဲဖြစ်သည်။

ပဲခူးတိုင်း၊ညောင်လေးပင်မြို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၃) နယ်မြေအတွင်းပါဝင်ပြီးရေဖြူကန်ကျေးရွာသည် ညောင်လေးပင်မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင်တည်ရှိသည်။

ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း