ကလေးမြို့တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

လက်နက်ကြီးကျည်ကျခဲ့သည့်လူနေအိမ်အပျက်စီးများ/ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မွန်းလိုင်းကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက် နက်ကြီးထိမှန်ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦး စုစုပေါင်းအရပ်သားငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကလေးမြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းမှပစ်ခတ်သောလက်နက်ကြီးကျည် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲသဖြင့် သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

လက်နက်ကြီးကြောင့် သေဆုံးသူများမှာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီး ပီးထန်ကြွယ်၊ အသက် ၅၀ နှစ်အမျိုးသား ပူးလားလ်နွန်ထားလ်နှင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး မိုနီကာလားလ်နွန်မောရီးတို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အတွက်တော့ ဆွေမျိုးတွေဆုံးရှုံးရတော့ ခံစားရတာပေါ့။ ဒါပေမဲ့ နိုင်ငံရေး အခြေအနေက အခုလိုဖြစ်နေတော့ ဖြစ်ရမှာပေါ့၊ တော်လှန်နေတဲ့အချိန်ဆိုတော့လည်း ဒီလိုပဲပေါ့” ဟု သေဆုံးသူ၏ ဆွေမျိုးတဦးက မဇ္စျိမကိုပြောသည်။

သေဆုံးသွားသူများကို ဖေဖော်ဝါရီလ ၂၂ ရက် ယနေ့တွင် သင်္ဂြိုလ်ပြီးစီးခဲ့သည် ဟု ဆိုသည်။
ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်သည် မွန်းလိုင်ကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲသဖြင့် အသက်၂၉ နှစ်အရွယ်အမျိုးသမီး နူးကျင်ခေါမ် ကင်နှင့် အသက် ၄၈ နှစ်အရွယ်မျိုးသမီး နူးကျင်ခေါမ်ဗွန်တို့သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တဦးက မဇ္စျိမကိုပြောသည်။

ကလေးမြို့နယ် ကံကြီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ယခု လူသေဆုံးခဲ့သည့် မွန်းလိုင်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအချို့ တိမ်းရှောင်ကြသော်လည်း စားဝတ်နေရေးအတွက် အခက်အခဲရှိသူများနှင့် လူမရှိချိန် အိမ်များကိုဖောက်ထွင်းခိုးယူသူများရှိသဖြင့် တိမ်းရှောင်ရန် မလွယ်ကူသူများရှိကြောင်း ဒေသခံက ပြောသည်။

မွန်းလိုင်ကျေးရွာသည် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသောကျေးရွာဖြစ်ပြီး ကလေးမြို့ တာဟန်းရပ်ကွက်နှင့် တဆက်တည်းတည်ရှိသော ကျေးရွာဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်နေကလည်း ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာတွင် ဒေသခံလေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ