ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု ကို KIA နှင့် ပူးပေါင်းတပ် တိုက်ခိုက်

ဓာတ်ပုံ- ပုံဟောင်း

အဂမ်

(မဇ္ဈိမ)။ ။ ဖားကန့်ရှိ စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၆ ရက် မနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ခိုက်နေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။

ဖားကန့်မြို့နယ် ၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်တိန်စခန်းတို့ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး သတင်းရေးသားနေသည့် လက်ရှိ မနက် ၁၁ နာရီ ဝန်းကျင် အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်က ကနဦး အတည်ပြုသည်။

“ဒီမနက်ကတည်းနေ ကျွန်တော်တို့ဘက်က ဝင်နေတာ။ ခုတော့ တဝက်လောက်ရပြီတဲ့။ အကုန်တော့မရသေးဘူး။ အခုထိ သူတို့ကလည်း လေယာဉ်နဲ့လာကြဲသွားပြီ ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသရှိ KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းများနှင့် PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်နေချိန်မှာ ဝှေခါစစ်ကောင်စီစခန်းကုန်းပေါ်တို့ ဂျက်ဖိုက်တာများက ဗုံးနှစ်ကြိမ်ကြဲချum လေကြောင်းပစ်ကူနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အသေးစိတ်အခြေအနေများကို မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်ပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး