NUG က PDF ပူးပေါင်းတပ်ဖွဲ့ကို လက်နက်များ တပ်ဆင်

Photo -တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေး လှုပ်ရှားနေသည့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂) ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ကာကွယ်‌ရေး ဝန်ကြီးဌာနက လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို NUG က ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေးခြင်းဖြစ်ပြီး လက်နက် အမျိုးအစားများထဲတွင် မှန်ပြောင်း ပါသော M4 အမျိုးအစား သေနတ်များနှင့် ကျည်ဆံများလည်း ပါဝင်ကြောင်း တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုင်းအဆင့် တာဝန်ရှိသူက ပြောသည်။

“လက်နက်အရေအတွက်ကတော့ လုံခြုံရေး၊ လျို့ဝှက်ချက် အရ ပြောလို့ မရပါဘူး၊ အခြား ဘာတွေ အခက်အခဲတွေရှိလည်း ဆိုတော့ရှိတာတော့ အများကြီး ရှိနေပေမယ့် အချို့သော အရာတွေကိုတော့ ပြည်သူတွေရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ဖြေရှင်းပြီး လုပ်ဆောင် သွားရမှာပဲ ဖြစ်တယ်” ဟု တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုင်းအဆင့်တာဝန်ခံ ကိုစတားက ပြောသည်။

အဆိုပါ လက်နက် ပေးအပ်သည့် အခမ်းအနားတွင် အမျိုးသားညီညွှတ်ရေးအစိုးရ၏ စစ်ရေးရည်မှန်းချက်များနှင့်အညီ ပူးပေါင်းစစ်ကြောင်းများမှ ဆောင်ရွက်သွားရန်၊ စစ်သည်တော် ကျင့်ဝတ်နှင့် အမိန့်နာခံမှု အားကောင်းရန်၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ပြည်သူများ အားကိုးအားထားပြုရသည့် တပ်ရင်း၊ တပ်ဖွဲ့၊ ရဲဘော်များအဖြစ် ကျင့်ကြံ နေထိုင်ကြရန် အဓိက တိုက်တွန်းခဲ့ကြောင်း ကိုစတားက ပြောသည်။

ယခု ၂၀၂၄ ခုနစ်အတွင်း စစ်ရေးနှင့် ပတ်သက်သည့် ပြင်ဆင်မှုများ အရှိန်မြှင့်လျက် ရှိနေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

အခု လက်နက်တပ်ပေးအပ်ခဲ့သည့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂) သည် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ တနင်္သာရီ (ပကဖ)၊ ပုလော (ပကဖ)၊ ကျွန်းစု (ပကဖ) နှင့် Dragon Squad ဒရုန်းအဖွဲ့တို့ ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်။

ထိုအပြင် စစ်ကြောင်း (၂) နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်းထားသည့် ပူးပေါင်း စစ်ကြောင်း (၁) သည်လည်း လက်ရှိ မြိတ်ခရိုင်အတွင်း စစ်ရေး လှုပ်ရှားမှုများကို အားကောင်းကောင်းဖြင့် လုပ်ဆောင်နေသည်။

စာတည်း။ ။ နောင်နောင်