ကွတ်ခိုင်ရှိ ဗျူဟာတပ်စခန်း လက်နက်ချ၊ မြို့ကို TNLAအလုံးစုံ ထိန်းချုပ်

TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။(ဓာတ်ပုံ-The New york Times)

009(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့ရှိ TNLA သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိသည့် ခလရ အမှတ်(၂၄၁) ဗျူဟာတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ည ၁၁ နာရီတွင် လက်နက်ချခဲ့၍ လက်ရှိတွင် တအာင်းတပ်မတော်(TNLA)က မြို့ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြေပြင်ရှိ TNLA အဖွဲ့ဝင် သတင်းရင်းမြစ်က ပြောသည်။

ထိုဗျူဟာစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က စတင်၍ TNLA က ဒရုန်နှင့် လက်နက်ကြီးများ အသုံးပြု၍ စတင််ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရှစ်ရက်မြောက်ဖြစ်သည့် ယမန်နေ့တွင် ထိုစခန်းမှ စစ်ကောင်စီတပ်သားများက လက်နက်ချခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချရန် TNLA က ဗျူဟာတပ်စခန်းရှိ စစ်ကောင်စီတပ်နှင့် တပ်မိသားစုများကို ဇန်နဝါရီလ ၆ ရက်က စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မနေ့ည စစ်တပ်က နောက်ဆုံးထားပြီး လက်နက်ချခဲ့ပြီ။ ဗျူဟာကုန်း ကနေ သူတို့အလံဖြူထောင်တာ။ ဒီမနက်‌တော့ သူတို့ကို လားရှိုးပို့လိုက်ပြီကြားတယ် ” ဟု မြေပြင်ရှိ TNLA အဖွဲ့ဝင် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည် ထိုဗျူဟာ စခန်းကို စခန်းခွာပြီးနောက် ရှမ်းမြောက်တိုင်းပွဲများကို ကွပ်ကဲနေသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့ထဲသို့ ပြန်လည်တပ်ဆုတ်သွားကြောင်း မြို့ခံများက ပြောသည်။

ကွတ်ခိုင်ဗျူဟာတပ်စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ကြောင်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ည ၁၁နာရီ ၅၀ မိနစ်တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်မြို့ကို ထိုသို့ သိမ်းပိုက်ရရှိခြင်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးကြီးသည့် လမ်းတစ်လျှောက် တော်လှန်ရေးအင်အားစုများဘက်က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ကွက်ခိုင်မြို့ ဒေသခံ အများစုသည် တိုက်ပွဲပြင်းထန်နေ၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်ဗျူဟာတပ်စခန်းသည် နမ့်ဖက်ကာ၊တာမိုးညဲနဲ့ မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး အထိုင်ချ တပ်စခန်းဖြစ်ပြီး အမြောက်တပ်၊ ရဟတ်ယာဉ်ကွင်းနှင့် တပ်စခန်းများရှိသည့် အခိုင်အမာ တပ်စွဲထားသော တပ်ဖြစ်ကြောင်း ကွတ်ခိုင်မြို့ ဒေသခံများက ပြောသည်။
TNLAသည် ကွတ်ခိုင်မြို့ကို ခုနစ် မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီး တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဖြစ်သည့် နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့အပြင် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး