PDF ၆ ဦး ကျဆုံးမှုတွင် အဓိကတာဝန်ရှိသည့် သတင်းပေးဆိုသူ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်း (ခ) မှတ်ကြီး

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဆည်လည်အုပ်စု ၊ အိုးကုန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်း (ခ) မှတ်ကြီးသည် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ နှင့် Yenanthar Youth Force တို့ ပူးပေါင်းကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင် ခြောက်ဦးကို စီးနင်းသတ်ဖြတ်ရန် စစ်ကောင်စီတပ်ထံ သတင်းပေး တိုင်ကြားခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဟု ဆိုသည်။

ဆည်လည်ကျေးရွာအုပ်စု၏ အုပ်စုအုပ်ချုပ်ရေးမှူး ဇော်ဝင်း (ခ) မှတ်ကြီးသည် အိုးကုန်းကျေးရွာက ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကာကွယ်ရေးဘက်မှာ သူ့(ဇော်ဝင်း )ကြောင့် ကနီရွာမှာ ဖြစ်ပွားခဲ့တဲ့ ဗသန(ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်)မှ ရဲဘော်ခြောက်ဦးအပြင် ကနီရွာအုပ်ကြီးပါ အသတ်ခံရတယ်၊ သူ့နေအိမ်အတွင်းမှာပဲ ညနေ ၆ နာရီ သေနတ်နဲ့ လေးချက်ရှင်းခဲ့တာပါ၊ ပွဲချင်းပြီးသေသွားပါတယ်၊ အဲ့လူက အခုကာလမှ အုပ်စုအုပ်ကြီးလုပ်တာပါဗျ”ဟု Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) တာဝန်ရှိသူ ကိုကံကြီးမောင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များ ရောက်ရှိတည်းခိုနေသော မြို့သစ်မြို့နယ်၊ ကနီကျေးရွာအတွင်းရှိ နေအိမ်ကို အင်အား ၃၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့က စီးနင်းတိုက်ခိုက်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့သည်။

၎င်းတို့နှင့်အတူ ကနီကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သေဆုံးခဲ့သည်။ ထိုစီးနင်းတိုက်ခိုက်မှုတွင် အုပ်စုအုပ်ချုပ်ရေးမှူး ဇော်ဝင်း (ခ)မှတ်ကြီးသည် အဓိက တာဝန်ရှိသူ သတင်းပေးဟု စွပ်စွဲခံရပြီးနောက် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အိုးကုန်းကျေးရွာနှင့် ကနီကျေးရွာသည် ဆည်လည်ကျေးရွာအုပ်စုအတွင်း ပါရှိသော ကျေးရွာများဖြစ်ပြီး အကွာအဝေးအားဖြင့် ငါးမိုင်ခန့်သာ ဝေးကွာသော ကျေးရွာများ ဖြစ်သည်။

သေဆုံးသွားသူ ဇော်ဝင်း(ခ) မှတ်ကြီးသည် စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးပြီး ထောက်ပို့လုပ်ဆောင်နေသူများကို ဖမ်းခိုင်းခြင်း၊ ပျူစောထီးများဖွဲ့ရန် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်ငွေကိစ္စများ ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အခြားသော ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ပြည်သူလူထုဘက်က အမြန်ဆုံးရပ်တည်ပေးကြရန် Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား၊ ရဲအရာရှိများနှင့် ပူးပေါင်းကာ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းရန် ဦးဆောင်လုပ်ကိုင်နေသော တောင်တွင်းကြီးမြို့နယ်၊ ဆုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကုက္ကိုခွရွာ အနီးတွင် ပစ်သတ်ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်