ရှမ်းမြောက်ရှိ မြို့အချို့၌ တပ်နှင့်ရဲမိသားစုအပါအဝင် Non CDM အများစု တိမ်းရှောင်

မြို့သိမ်းပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့တွင် မြင်တွေ့ရသည့် နမ့်ခမ်းမြို့တွင်းမြင်ကွင်း

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သီပေါ နှင့် မိုးမိတ်မြို့များတွင် စစ်ကောင်စီလက်အောက်ခံ တပ် နှင့် ရဲမိသားစုအပါအဝင် Non CDM ဝန်ထမ်းများသည် ၎င်းတို့နေထိုင်ရာ မြို့နှင့် နေအိမ်များကိုစွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ တိုင်းမှူးမိသားစုအပါအဝင် စစ်ကောင်စီလက်အောက်ခံ စည်ပင်၊ ထွေအုပ် စသည့် ရုံးဝန်ထမ်းများ၊ UN နှင့် INGO မှ ဝန်ထမ်းအချို့သည် မန္တလေး၊ တောင်ကြီး နှင့် ရန်ကုန် အစရှိသည့် မြို့သို့ ထွက်ခွာ တိမ်းရှောင်သွားကြောင်း ဒေသခံများက ပြောသည်။

“တိုင်းထဲဆို တိုင်းမှူးကတော်တောင် မရှိတော့ဘူး။ ကတော်တွေ အကုန်ပြောင်းကုန်ပြီ။ EPC ရော မော်တော်ပီကယ်ရော အကုန်ရွှေ့ကုန်ကြပြီ” ဟု လားရှိုးမြို့ခံအမျိုးသမီးတဦးက ပြောသည်။

အလားတူ ကျောက်မဲမြို့တွင်လည်း စစ်တပ်မိသားစုဝင်များနှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် မြို့များကို တိမ်းရှောင်သွားကြကာ ကျောက်မဲတွင် ဌာနဆိုင်ရာ ရုံးများကို ပြီးခဲ့သည့် နိုဝင်ဘာလကပင် ပိတ်ထားရကြောင်း သိရသည်။

“(၅၀၂)တပ်ရင်းမှုးကတော်တော့ ပြင်ဦးလွင်ကို ဇန်နဝါရီ ၄ ရက်နေ့ ကတည်းက ပြေးတယ်။ တပ်ထဲမှာ ခံစစ်အကြီးအကျယ်ပြင်ပြီး ပြန့်ကျဲနေတဲ့ တပ်သားတွေကို အထိုင်စခန်းကို ပြန်စုထားကြတယ်၊ တပ်မိသားစုတချို့တော့ တပ်ထဲရှိနေသေးတယ်။ ရုံးပိတ်တာတော့ ကျင်သီ တံတားကျိုးပြီးနောက်ပိုင်း ရုံးတိုင်းလိုလို ပိတ်ထားကြပါတယ်” ဟု ကျောက်မဲမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

တပ်မိသားစုနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအများစု မြို့ကို စွန့်ခွာပြီးနောက် ကျောက်မဲမြို့ရှိ စကခ(၁)၊ ခမရ(၅၀၁)၊ ခမရ(၅၀၂)၊ အမတ(၃၅၂)၊ မြို့နယ်နှင့် ခရိုင်ရဲရုံးများတွင် လုံခြုံရေးတိုးမြှင့်ကာ ခံစစ်ပြင်ထားကြောင်း သိရသည်။

တရုတ်မြန်မာနယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင်လည်း ရဲမိသားစုနှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများသည် အခြားမြို့များသို့ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ပြောင်းရွှေ့နေကြပြီး မပြောင်းရွှေ့နိုင်သည့် ဝန်ထမ်းအချို့သည် အစိုးရမှ ပေးအပ်ထားသည့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း မပြုကြတော့ဘဲ အိမ်ငှားနေနေကြကြောင်း ဒေသခံထံမှ သိရသည်။

“ဝန်ထမ်းတွေလည်း တော်တော်များများတော့ ရွှေ့ကုန်ကြတယ်။ ဝန်ထမ်းမိသားစုတွေဆိုလည်း အရင်က ဝန်ထမ်းရုံးခန်းမှာနေကြတယ်။ အခုမနေတော့ဘူး။ အပြင်ထွက်နေကြတယ်။ ရဲမိသားစုတွေ၊ ထွေအုပ်ဝန်ထမ်းတွေလည်း (ရုံးဝင်း) အထဲမှာ မနေတာကြာပြီ” ဟု မူဆယ်မြို့ခံတဦးက ပြောသည်။

အလားတူ မိုးမိတ်မြို့တွင်လည်း ယခုဇန်နဝါရီလ မတိုင်ခင်ကပင် ရဲဝန်ထမ်းမိသားစုနှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အခြားမြို့များသို့ တိမ်းရှောင်သူများနှင့် ရဲစခန်းဝင်းအတွင်းမှ အိမ်ရာကို စွန့်ကာ မြို့ထဲတွင် အိမ်ငှားနေနေသည်များရှိကြောင်း ဒေသခံများထံမှသိရသည်။

“တိမ်းမှတိမ်း ရှောင်မှရှောင် ဘာရုံးမှတောင် မရှိတော့ဘူး။ ဝန်ထမ်းတွေ တယောက်မှ မရှိတော့ဘူး။ အရာရှိကြီးက အရင်ပြေးတယ်” ဟု မိုးမိတ်မြို့ခံက ပြောသည်။

သီပေါမြို့တွင်လည်း ရဲမိသားစုဝင်များသည် အခြားမြို့များသို့ တိမ်းရှောင်ခြင်းရှိသကဲ့သို့ အချို့သည် ရဲစခန်းအတွင်း၌ မနေကြတော့ဘဲ မြို့တွင်းတွင် အိမ်ငှားနေနေကြကာ ဝန်ထမ်းများသည် နေနေကျ မိမိအိမ်မဟုတ်သည့် အခြားအိမ်များတွင် ပြောင်းရွှေ့နေကြသည်များရှိကြောင်း မြို့ခံများထံမှ သိရသည်။

“သီပေါမှာတော့ ရဲစခန်းရွှေ့တာကြားတယ်။ ရဲစခန်းထဲမှာ ဘယ်သူမှ သိပ်မရှိတော့ဘူး၊ ညကလည်း အသံတွေကြားနေတော့ ရုံးတော်တော်များများ ပိတ်ထားကြတယ်” ဟု သီပေါမြို့ခံ အမျိုးသမီး တဦးက ပြောသည်။

လက်ရှိတွင် မိုးမိတ်နှင့် သီပေါမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပစ်ခတ်သံများ ကြားနေရသဖြင့် ကျေးရွာအချို့မှ ဒေသခံများသည် မြို့ပေါ်သို့ ရွှေ့ပြောင်းလာသည်များရှိကြောင်း မြို့ခံများက ပြောသည်။

လားရှိုးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ တို့၏ တတိယအကြိမ် ဆွေးနွေးမှု မအောင်မြင်သည့် သတင်းများကြောင့် တပ်မိသားစုနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအပါအဝင် မြို့ခံများသည်လည်း အခြားမြို့များသို့ တိမ်းရှောင်နေကြရာ အချို့သည် မြို့တွင်း၌ပင် တိုက်ပွဲဖြစ်ပွားမည်ဟူသည့် စိုးရိမ်စိတ်ဖြင့် ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့နှင့် မိုင်၂၀ ခန့်သာ ကွာဝေးသည့် စကခ(၁၆) ကို ပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ခဲ့ပြီး သိန္နီမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

ယင်းအပြင် ရှမ်းမြောက်ဒေသတွင် အရေးပါသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မန်တုံ၊ မိုင်းငေါ့ မြို့များကို သိမ်းပိုက်ထားပြီး လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်မြို့များကို MNDAA မှ ထိန်းချုပ်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)