ရွှေဘိုတွင် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

ရွှေဘိုတွင် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာမှ ပျူခေါင်းဆောင် ဌေးအောင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရွှေဘိုမြို့ ရန်ကြီးအောင်ရပ်ကွက် အနီးတနေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း War Lord Defense Force အဖွဲ့က ဇန်နဝါရီလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၇ ရက်နေ့ တွင် ရန်ကြီးအောင်ရပ်ကွက်အနီး ကားဝပ်ရှော့တခုတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း War Lord Defense Force မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ ကျတော်တို့က သူတို့ကို အရင်ဆုံး လက်နက်ချခိုင်းတာ သူတို့က လက်နက်မချဘဲ ပြန်ပစ်လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဌေးအောင် ရယ်၊ ဌေးအောင်ရဲ့ တူအရင်း ဇင်မင်းထက်ရယ် သေဆုံးသွားတယ်” ဟုပြောသည်။

ပစ်ခတ်မှုအတွင်း ပျူခေါင်းဆောင်ဌေးအောင်၏ နောက်လိုက်တယောက် ဒဏ်ရာရရှိသွားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးလည်း လက်မောင်းကို ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း War Lord Defense Force မှ တာဝန်ရှိသူက ဆိုသည်။

“တယောက်ပဲ ကျန်တော့တာ၊ အဲ့တယောက်က ခံပစ်ခနေလို့ လက်နက်တွေ မကောက်လိုက်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

ပျူခေါင်းဆောင် ဌေးအောင်သည် စစ်ကောင်စီက ချီးမြှင့်သည့် ရဲဗလဘွဲ့ ရရှိထားသူဖြစ်ပြီး ရွှေဘိုနယ်အနောက်ခြမ်း တဝိုက်တွင် ကျေးရွာများကို မီးရှို့ လူသတ် ဓားပြတိုက်နေသည့် နာမည်ကြီး ပျူခေါင်းဆောင်တဦးဖြစ်ကြောင်း ဒေသခံများထံမှသိရသည်

ယခုတိုက်ခိုက်မှုကို War Lord Defense Force PDF(B-4 /C-2 ၊ Guardian Force PDF (B-4/C-1) / Snake Eyes – PDF(B4/C-3) ၊ Zoe Defense Force PDF (SHWEBO)၊ ဘီလူးညီနောင်ပြည်သူ့ကာ ကွယ်‌ရေးအဖွဲ့ ၊ ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျား UG အဖွဲ့ ၊ သိခ်အားမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

စာတည်း- သန့်ဇော်(သန်လျင်)