ကင်ဆာရောဂါနဲ့ အလွန်ဆုံး ‘တနှစ်’ခန့်သာ အသက်ရှင်နိုင်ဖွယ်ရှိဟု အင်္ဂလန်မန်နေဂျာဟောင်း အဲရစ်ဆင် ပြော

By PKThawn

အင်္ဂလန်ဘောလုံးအသင်းနည်းပြဟောင်း ဆဗင်ဂိုရင် အဲရစ်ဆင်က သူ့မှာ ပန်ကရိယကင်ဆာရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အလွန်ဆုံးအချိန် “တနှစ်”ခန့်သာ အသက်ရှင်နိုင်ဖွယ်ရှိကောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

ထိပ်တန်းအသင်းများစွာကို ကိုင်တွယ်ပြီး ၂၀၀၂ နဲ့ ၂၀၀၆ တွေမှာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် ဆွီဒင်နိုင်ငံသားနည်းပြကြီးဟာ “ကျန်းမာရေးပြဿနာကြောင့်” လူမြင်ကွင်းတွေကနေ ပျောက်ကွယ်တော့မည်ဟု ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။

“ကျနော့်မှာ အဆင်မပြေတဲ့ ရောဂါရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ လူတိုင်းက ကင်ဆာလို့ မှန်းဆပြီး ဒါက ဖြစ်နေတာပါ။ ဒါပေမယ့် ကျနော် တတ်နိုင်သမျှတော့ တိုက်ပွဲဝင်ရမယ်”လို့ အဲရစ်ဆင်က အသံလွှင့်ဌာန Sveriges Radio ကို အင်တာဗျူးတခုမှာ ပြောကြာခဲ့ပါတယ်။

အဲရစ်ဆင်က သူ့ဆရာဝန်ရဲ့ အကဲဖြတ်ချက်အရ သူ့မှာ “အကောင်းဆုံးအနေနဲ့ ဖြစ်နိုင်ဖွယ် တနှစ် (အသက်ရှင်ဖို့)၊ အဆိုးဆုံးအနေနဲ့ တနှစ်အောက်လည်း တိုတောင်းနိုင်ဖွယ်ရှိတယ်”လို့ ဆိုပါတယ်။

“ခင်ဗျားရဲ့ ဦးနှောက်ကို လှည့်စားရမယ်”လို့ သူက ဆက်ပြောပါတယ်။

“ကျနော်ဟာ ဒီအကြောင်းကို အချိန်တိုင်း တွေးနေနိုင်တယ်၊ အိမ်မှာ ထိုင်ပြီး ငိုင်နေမယ်၊ ကံဆိုးတယ်လို့ ခံစားမယ်၊ စသဖြင့်ပေါ့။ အဲသလိုမျိုးဆို အဆုံးသတ်ဖို့ လွယ်မယ်လို့ ထင်တယ်”လို့ သူက အသံလွှင့်သတင်းဌာနကို ပြောပါတယ်။

“အရာတိုင်းကို အကောင်းမြင်ပါ”လို့ သူက ဆိုပါတယ်။

“ဒုက္ခ၊ နာကျင်မှုကြောင့် ကိုယ့်ကိုကိုယ် မမြှုပ်နှံလိုက်ပါနဲ့၊ အဲဒါက အကြီးမားဆုံး ဒုက္ခပါပဲ၊ ဒါပေမယ့် တခုခုတော့ ရလဒ်ကောင်းထွက်အောင် ကြိုးစားပါ”

ဆွီဒင်နိုင်ငံ အနောက်ပိုင်း Sunne မှာ ၁၉၄၈ ဖေဖော်ဝါရီ ၅ ရက်မှာ မွေးဖွားတဲ့ အဲရစ်ဆင်ဟာ နောက်ခံကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ဘောလုံးမန်နေဂျာအဖြစ် အောင်မြင်မှုရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၇၇ မှာ ဆွီဒင်ကလပ် Degerfors IF ရဲ့ မန်နေဂျာဖြစ်လာခဲ့ပါတယ်။ အောက်တန်းလိဂ်မှာ ကလပ်အသင်းငယ်ကို အောင်မြင်မှုရရှိအောင် ဦးဆောင်ပြီးနောက်မှာ သူဟာ အသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

သူဟာ နိုင်ငံတကာအဆင့် အောင်မြင်မှုမရရှိခင် ဆွီဒင်ကလပ် IFK Goteborg ကို ကိုင်တွယ်ကာ ပေါ်တူဂီရှိ ဘင်ဖီကာ၊ ရိုးမားနဲ့ လာဇီယိုတို့အပါအဝင် အီတလီကလပ်များစွာကို နည်းပြခဲ့ပါတယ်။

သူ့ရဲ့ ထိပ်တန်းရာထူးကတော့ ပထမဆုံးနိုင်ငံခြားသားအဖြစ် အင်္ဂလန်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့တာပါ။

အဲရစ်ဆင်ဟာ အဲဒီနောက်ပိုင်းမှာ မက္ကဆီကို၊ အိုင်ဗရီကို့စ်နဲ့ ဖိလစ်ပိုင်တို့ကို ကိုင်တွယ်ခဲ့ပေမယ့်လည်း သူ့ရဲ့အမိမြေ ဆွီဒင်လက်ရွေးစင်အသင်းကို တကြိမ်တခါမျှ နည်းပြခြင်းမရှိခဲ့ပါဘူး။

(AFP)