ဖယ်ခုံတိုက်ပွဲစစ်ကောင်စီ ၁၀ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲဆက်ဖြစ်၊မြို့တွင်းကို ပူးပေါင်းတပ်ထိန်းချုပ်ထား

ဓါတ်ပုံ- Maung Lay Facebook

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် ထိုင်တော်မူဘုရားကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီး မြို့တွင်းကိုထိန်းချုပ်ထားကြောင်းမြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

“ထိုင်တော်မူကုန်းက ရသွားပြီ။ ဖယ်ခုံတမြို့လုံးနီးပါးက ကျနော်တို့လူတွေနဲ့ပဲ ထိန်းချုပ်ထားတယ်”ဟု ‌မြေပြင်မှ ကာကွယ်ရေးရဲဘော်တဦးက ယနေ့ ဇန်နဝါရီ ၁၁ရက်တွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်တော်မူဘုရားကုန်းရှိသည့် ကုန်းဆုံရွာအနီးဝန်းကျင်သို့ ဆုတ်ခွာသွား‌၍ ဆက်လက်တိုက်ခိုက်နေသည်ဟု ဆိုသည်။

ကုန်းဆုံဘုန်းကြီးကျောင်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အ‌‌လောင်းများအား ဇန်နဝါရီ ၈ ရက်နေ့တွင် မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြောင်း PDF – Pekhon က ရုပ်သံနှင့် ထုတ်ပြန်ထားသည်။
ယင်းရုပ်သံတွင် တပ်မ(၅၅) လက်မောင်းတံဆိပ်ပါသည့် စစ်သားအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနေသည်ကို မြင်တွေ့ရသည်။

ဖယ်ခုံမြို့အဝင်အထွက်တွင်ရှိသည့် ရွှေပြည်အေး စခန်းကုန်းနှင့် လွယ်ပသာစခန်းကုန်းနှစ်ခုကို ပူးပေါင်းတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အဝင်အထွက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုမှ ထုတ်ပြန်ထားသည်။

ယခု ထိုင်တော်မူဘုရားကုန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
သက်ဆိုင်ရာပူးပေါင်းတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“ထိုင်တော်မူ၊ ရွှေပြည်အေးနဲ့ လွယ်ပသာတို့က အဓိကကျတယ်ဆိုတာ မှန်တယ်။ ဘာလို့ဆို သူတို့က မြို့ကိုကာဖို့အတွက် ဒီလမ်းတွေကို ထိန်းတယ်လေ။ ခုအဲ့ဒါ အကုန်ရပြီဆိုတော့ မြို့ထဲကတပ်တွေပဲ ကျန်တာပေါ့။ ခုနကပြောတဲ့ ထိုင်တော်မူတို့၊ရွှေပြည်အေးတို့ရပြီဆိုရင် ကျနော်တို့ ပိတ်ဆို့လို့ရပြီပေါ့” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ဖယ်ခုံမြို့တွင်းရှိ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံးအများစုကို ပူးပေါင်းတပ်မှ နေရာယူထားကာ မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၇)၊ ခမရ(၃၃၆) နှင့် ခမရ(၄၂၁) များကျန်ရှိနေပြီး ယင်းတပ်များကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ်အင်အားစုမှ တာဝန်ရှိသူများထံ မဇ္ဈိမမှ ယနေ့နံနက်ဆက်သွယ်မေးမြန်းရာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် အသေးစိတ်မဖြေကြားနိုင်သေးကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်သည်။

ဖယ်ခုံမြို့နယ်တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီ ကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ဖယ်ခုံမြို့ရှိ စစ်ကောင်စီစခန်းအချို့ကို ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလဆန်းပိုင်းတွင် ဒရုန်းချတိုက်ခိုက်နေပြီး စစ်ကူပေးရန်နှင့် လက်ရှိအခြေအနေအရ စစ်ရေးအရ တပန်းရှုံးနေပြီဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားကြသည်။

ဖယ်ခုံမြို့တွင်းတိုက်ပွဲများကြောင့် ဒေသခံအများစုသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
လက်ရှိတွင် ဖယ်ခုံမြို့၌ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေကြောင်း သိရသည်။

စာတည်း – အေးချမ်း