စစ်ကောင်စီနှင့် မဟာမိတ်ညီနောင်သုံးဖွဲ့ အပစ်ရပ်ပြီး ၁၂ နာရီခန့်အကြာ တိုက်ပွဲပြန်ဖြစ်

ပုံအညွှန်း − တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် PSLA/TNLA တပ်ဖွဲ့ဝင်များ ( ဓာတ်ပုံ- ပုံဟောင်း)

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ စစ်ကောင်စီနှင့် မဟာမိတ်ညီနောင်သုံးဖွဲ့တို့ ဆွေးနွေး သဘောတူညီချက်အရ အပစ်ရပ်ပြီးနောက် ၁၂ နာရီခန့်အကြာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီး၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးအပြီး နှစ်ဖက်တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ၌ ချက်ချင်းအပစ်ရပ်ရန်အပါအဝင် အချက်သုံးချက်ကို သဘောတူညီခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီမှာ ပလောင်နဲ့ PDF တွေရှိတယ်။ အဲ့ဒါကို ငြိမ်းချမ်းရေးကုန်းက စစ်တပ်က စပစ်တာ။ ခုထိဖြစ်နေတုန်း။ ခမရ (၅၀၂) ကလည်း ချနေတာ။ ကျွန်တော်တို့နားတောင် တလုံးကျတယ်။ ကျနော်လည်း ဗုံးခိုကျင်းထဲ ပုန်းနေရာတာ မထွက်ရဲဘူး။ တောက်လျှောက်ကို ပစ်နေတာ ကြောက်စရာကြီး” ဟု တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံ တဦး ကပြောသည်။

ဒေသခံများကမူ ငြိမ်းချမ်းရေးတောင်နှင့် မနီးမဝေးရှိ နမ့်စော့ကျေးရွာ၌ တပ်စွဲနေသည့် TNLA နှင့် PDF များရှိရာကို စစ်ကောင်စီက လက်နက်ကြီး စတင်ပစ်ခတ်ရာမှ ယနေ့ နံနက်တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြောသည်။

နှစ်ဖက်တပ် အပစ်ရပ် သဘောတူညီချက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ပါဝင်သည်။

ငြိမ်းချမ်းရေးကုန်း ရှိ ယခင်က စစ်ကောင်စီတပ် တပ်စွဲထားရာ နေရာ အနီးတဝိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း လှုပ်ရှားနေသဖြင့် မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည်ကိုမူ အတည်ပြု၍ မရနိုင်ကြောင်း TNLA နှင့် နီးစပ်သူတဦးက ပြောသည်။

“ခုနမှစတာ။ အကြောင်းစုံကိုမသိရသေးဘူး။ အဲ့ဒီဘက်မှာ (PDF) တွေလည်းရှိတယ်။ ကျောက်မဲဂွင်ကတော့ (TNLA လှုပ်ရှားတာ) ရှိပါတယ်” ဟု TNLA သတင်းရင်းမြစ်က ပြောသည်။

ထိုတိုက်ပွဲနှင့် ဆက်စပ်သည့် အသေးစိတ်အချက်အလက်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိုနှိုင်းမှုဖြင့် ညီနောင်မဟာမိတ်တို့နှင့် စစ်ကောင်စီကြား အပစ်ရပ်ရန် “ဟိုင်ဂင်သဘောတူစာချုပ်” ချုပ်ဆိုထားသော်လည်း ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီဘက်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထိန်းချုပ်ရာဒေသများသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ်တို့က ထုတ်ပြန်သည်။

” ဤနေ့သည် ဟိုင်ဂင်သဘောတူညီမှု အရ ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်သောနေ့ ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်” ဟု ညီနောင်မဟာမိတ်တို့၏ ဇန်နဝါရီ ၁၂ ရက် ညပိုင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ ကွယ်ဟယ်ကျေးရွာသို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သောကြောင့် ပါရမီလက်ဖက်စက်ရုံပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထို့ပြင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား စစ်ကောင်စီမှ လာရောက်ဗုံးကြဲတိုက်ခိုက်သောကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် သုံးလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါ နမ့်ဆန်မြို့နှင့် နမ္မတူမြို့တို့သည် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်သည်။

အလားတူ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် နှစ်ကြိမ်၊ မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် နှစ်ကြိမ် နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။

“ဟိုင်ဂင်သဘောတူစာချုပ်” တွင်မူ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်ကာ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေးနှင့် အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့်ဖြေရှင်းရေးတို့ကို သဘောတူ ပြဌာန်းထားခြင်းဖြစ်သည်။

ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ်တို့ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြကြောင်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်အရသိရသည်။

သို့သော် လက်ရှိတွင် စစ်ကောင်စီဘက်မှ စတင်၍ ညီနောင်မဟာမိတ်တို့၏ ထိန်းချုပ်နယ်မြေများသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချက်ရှိသကဲ့သို့ ကျောက်မဲမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားကြောင်းသတင်းအချက်အလက်များရရှိထားသည့်အတွက် “ဟိုင်ဂင်သဘောတူစာချုပ်” ၏ နောက်ဆက်တွဲအခြေအနေကို အသေးစိတ်အတည်ပြုနိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ပြောခွင့်ရသူများနှင့် စစ်ကောင်စီ၏ ပြောခွင့်ရသူ ထံ မဇ္ဈိမကဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး