နမ္မတူက စစ်ရှောင်ပြည်သူတွေကို TNLA က ဖိအားပေး အိမ်ပြန်ခိုင်းတဲ့ သတင်းမှား

JC, ZZ

(မဇ္ဈိမ)။ ။ နမ္မတူမြို့မှာ TNLAက ပြည်သူတွေကို ၁၄ရက်နေ့ အိမ်အရောက်ပြန်လာခိုင်းပြီး ပြန်မလာရင် အိမ်တွေကိုချိတ်ပိတ်မယ်လို့ စာထုတ်ကာ ခြိမ်းခြောက်နေတယ်ဆိုတဲ့သတင်းရေးသားမှုတွေ ရှိနေပါတယ်။

ဗြုတ်စဗျင်းတောင်း ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဇန်နဝါရီ ၁၀ ရက်နေ့ မှာ “နမ္မတူက နေထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကို ဒီလ (၁၄)ရက်နေ့.အရောက်ပြန်လာရမယ်လို့ TNLA က စာထုတ်တယ်လို့သိရပါတယ်။ ၁၄ရက်နေ့ပြန်မရောက်ရင်အိမ်တွေကို ချိတ်ပိတ်ပြီးသူတို့လုပ်ချင်ရာလုပ်မယ်လို့ TNLA က ခြိမ်းခြောက်နေပါတယ်” ဆိုပြီး ရေးထားပါတယ်။

၁၀ရက်နေ့ညပိုင်းမှာတော့ အဲ့ဒီချန်နယ်နေပဲ ဒီသတင်းကိုထပ်မံဖြန့်ဝေခဲ့ပြီး ၁၄ရက်နေ့အစား ၁၂ရက်နေ့ ပြန်ရောက်ရမယ်ဆိုပြီး ထပ်မံဖြည့်စွက်ထားပါတယ်။ အဲ့ဒီအကြောင်းအရာကို အခြားချန်နယ် ၁၈ ခုမှာ ထပ်ဆင့်ဖြန့်ဝေထားသလို ကြည့်ရှုသူ ကိုးသောင်း ကျော်ရှိနေပြီဖြစ်သလို ဖေ့စ်ဘုတ်မှာလဲပျံ့နှံ့နေပါတယ်။

မဇ္ဈိမက ဒါနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ပါတယ်။

ဒီသတင်းကိုဖြန့်ဝေနေတဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ TNLA က စာနဲ့ထုတ်ပြန်တယ်ဆိုထားပေမယ့် သူတို့ဖြန့်ဝေမှုမှာတော့ အဲ့ဒီထုတ်ပြန်ချက်စာမပါဝင်တာကိုတွေ့ရပါတယ်။

နောက်ပြီး နမ္မတူမြို့က ပြည်သူတွေအိမ်ပြန်ဖို့ TNLAက ရက်အတိအကျထုတ်ပြန်ထားတယ်ဆိုတာမျိုး ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးမရှိပါဘူး။

TNLAရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာမှာတော့ အဲ့ဒီလိုခြိမ်း‌ ခြောက်‌ ပြောဆိုတာမရှိဘူးလို့ပြောပါတယ်။

“ဒီလိုမျိုးရွာကိုပြန်လာဖို့ရက်တိတိကျကျသတ်မှတ်ပေးထားတာမရှိဘူး။ သို့ပေမယ့်ကျေးရွာဘက်တွေက သူတို့ဆန္ဒရှိတယ် သူတို့ပြန်လာချင်ရင်ပြန်လာလို့ရပါတယ်။ တချို့ဆိုလဲ ပြန်လာနေကြပါပြီ” လို့ သူက မဇ္ဈိမကို ပြောပါတယ်။

ဒါ့ကြောင့် TNLA ဘက်က နမ္မတူမြို့ကပြည်သူတွေကို ၁၂ ရက် မဟုတ်ရင် ၁၄ ရက်အတွင်း ပြန်ရောက်ရမှာဖြစ်ပြီး မပြန်လာဘူးဆို အိမ်တွေကို ချိတ်ပိတ်မယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား ပဲ ဖြစ်ပါတယ်ရှင်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း ။ ။ NN