ရေသန့်ဗူးတွင် ပလတ်စတစ်အမှုန်အမွှားပါဝင်မှု ယခင်တွေ့ရှိထားသည်ထက် ပိုများကြောင်း လေ့လာမှု ဖော်ပြ

Photo:AFP

Straits Times

ပုံမှန်ရေတလီတာတစ်ပုလင်းတွင် ပလတ်စတစ်အမှုန်အမွှားပေါင်း ၂၄၀,၀၀၀ ခန့်ပါဝင်ကြောင်း လေ့လာမှု အသစ်တခုတွင် ဖော်ပြလိုက်သည်။

ယင်းအမှုန်အမွှားများထဲမှ အများအပြားသည် နှစ်ပေါင်းများစွာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ဘဲ ပလတ်စတစ် ညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ယခင်က အလွန်လျှော့တွက်ခဲ့ ကြောင်း သုတေသီများက ဖော်ပြခဲ့သည်။

ယင်းစာတမ်းအား Proceedings of the National Academy of Sciences ဂျာနယ်တွင် ဇန်နဝါရီ ၈ ရက်က ထုတ်ဝေခဲ့သည်။

အလျား တမိုက်ခရိုမီတာအောက်ရှိ ပလတ်စတစ်အမှုန်အမွှားများ သို့မဟုတ် လူ့ဆံပင်၏ ၇၀ ပုံတပုံ အောက်ရှိ “နာနိုပလတ်စတစ်များ” ပါဝင်မှုအတွက် ရေသန့်ဗူးများကို လေ့လာခြင်းမှာ ပထမဆုံးဖြစ်သည်။

အစောပိုင်းလေ့လာမှုများက မိုက်ခရိုပလတ်စတစ်များ သို့မဟုတ် တမိုက်ခရိုမီတာမှ ၅,၀၀၀ မိုက်ခရိုမီ တာကြားရှိ အမှုန်အမွှားများကိုသာ လေ့လာထားခြင်းကြောင့် ရေသန့်ဗူးများတွင် ယခင်ခန့်မှန်းထားသည်ထက် ပလတ်စတစ်အမှုန်အမွှားများပါဝင်မှု အဆ ၁၀၀ ပိုများနိုင်ကြောင်း တွေ့ရှိချက်က ဖော်ပြသည်။

နာနိုပလတ်စတစ်များသည် လူ့ဆဲလ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်၊ သွေးကြောအတွင်းသို့ ဝင်ရောက်ရန်နှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်အောင် သေးငယ်သောကြောင့် မိုက်ခရိုပလတ်စ
တများထက် လူ့ကျန်းမာရေးကို ပိုမိုခြိမ်းခြောက်စေနိုင်သည်။

ယင်းတို့သည် အချင်းမှ တဆင့် မမွေးသေးသော ကလေးငယ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့လည်း ဝင်ရောက် နိုင်သည်။

သိပ္ပံပညာရှင်များသည် ရေသန့်ဗူးများတွင် နာနိုပလတ်စတစ်များရှိနေသည်ကို သံသယဖြစ်ခဲ့ကြသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း နာနိုမှုန် တခုချင်းစီကို ရှာဖွေဖော်ထုတ်ရန် နည်းပညာမရှိခဲ့ပေ။

ထိုစိန်ခေါ်မှုကို ကျော်လွှားရန်အတွက် လေ့လာမှုကို ပူးပေါင်းလေ့လာသူများက အဏုကြည့်မှန်ပြောင်း နည်းပညာအသစ်ကို တီထွင်ခဲ့ပြီး အချက်အလက်မောင်းနှင်သည့် အယ်လဂိုရီသမ်ကို ပရိုဂရမ်ပြုလုပ်ကာ အမေရိကန်နိုင်ငံရှိ နာမည်ကြီးအမှတ်တံဆိပ်သုံးမျိုးမှ ရေတလီတာပုလင်း ၂၅ ပုလင်းခန့်ကို ဝယ်ယူကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ (သုတေသီများက မည်သည့်အမှတ်တံဆိပ်များဖြစ်သည်ကို ဖော်ပြရန် ငြင်းဆို ခဲ့သည်။)

တလီတာဗူးတွင် ပလတ်စတစ်အမှုန်အမွှားလေး ၁၁၀,၀၀၀ မှ ၃၇၀,၀၀၀ အထိ တွေ့ရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းမှာ နာနိုပလတ်စတစ်များဖြစ်သည်။

“ဒီလေ့လာမှုက နာနိုပလတ်စတစ်ညစ်ညမ်းမှုအဆင့်မှာ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ လက်ရှိ အသိပညာကွာဟချက်ကို ပေါင်းကူးပေးနိုင်ပြီး နာနိုပလတ်စတစ်တွေကို ခွဲခြမ်းစိတ်ဖြာရာမှာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကူညီပံ့ပိုးပေးပါလိမ့်မယ်” ဟု လေ့လာမှုကို ဦးဆောင်စာတမ်းရေးသားသူနှင့် ဓာတုဗေဒဘွဲ့ရ ကျောင်းသူ နိုင်ရှင်းချင်က ပြောကြားခဲ့သည်။

သုတေသီများသည် ရေဗူးအများအပြားပြုလုပ်သည့် polyethylene terephthalate (PET) အပါအဝင် အသုံးများသော ပလတ်စတစ် ခုနစ်မျိုးနှင့် ဗူးမသွပ်မီ ရေစစ်တွင် ရေသန့်စင်ရန်အသုံးပြုသည့် polyamide ကို လေ့လာခဲ့သည်။

သို့သော် ၎င်းတို့သည် ရေထဲတွင် အမည်မသိ နာနိုအမှုန်များစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ တခုခုသည် နာနိုပလတ်စတစ်များဖြစ်ပါက၊ ရေသန့်ဗူးများတွင် ပလတ်စတစ်ပါဝင်မှု ပိုများနိုင်သည်။

ကမ္ဘာတွင် နှစ်စဉ် ပလတ်စတစ် တန်ချိန် သန်း ၄၅၀ ကျော် ထုတ်လုပ်ပြီး အများစုမှာ အမှိုက်ဖြစ်သွားသည်။

၂၀၂၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော လေ့လာမှုတခုတွင် ရေသန့်ဗူးထဲတွင် မိုက်ခရိုပလတ်စတစ်ပါဝင်မှုသည် ပိုက်ရေထက် ပိုများကြောင်း တွေ့ရှိခဲ့သည်။

၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတခုတွင်လည်း ပလတ်စတစ်ရေဗူးအဖုံးကို အဖွင့်အပိတ်လုပ်ရုံဖြင့် ရေထဲသို့ ပလပ်စတစ်အမှုန်အမွှားသေးသေးလေးများ ထွက်ကျလာနိုင်ကြောင်း သတိပေးထားသည်။