ငွေကြေးချမ်းသာသော မြန်မာနိုင်ငံသားများ၏ ဝယ်ယူမှုကြောင့် ထိုင်းတွင် ကွန်ဒိုတိုက်ခန်း ရောင်းအားမြင့်တက်

ပုံ − The Nation Thailand Facebook

The Nation

ငွေကြေးချမ်းသာသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်းရှိ အချက်အချာကျသော နေရာများမှ ကွန်ဒိုက်တိုက်ခန်းများကို ဝယ်ယူနေကြသောကြောင့် ဘတ် နှစ်သန်းမှ ဘတ် လေးသန်းကြား ဈေးပေါက်လေ့ရှိသည့် ကွန်ဒိုတိုက်ခန်းရောင်းအားမှာ ယမန်နှစ်ကထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ စီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သော Sen X က ယခုသတင်းပတ်တွင် ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်နှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ချမ်းသာသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ခိုလှုံရန် အကြောင်းဖန်လာခဲ့သည်ဟု Sen X ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဆူပင်မက်ချူချပ်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသားအများအပြားသည် Ramkhamhaeng တက္ကသိုလ်နှင့် Assumption တက္ကသိုလ် (ABAC) ကဲ့သို့သော တက္ကသိုလ်များတွင်တက်ရောက်နေသော မိမိတို့၏ သား၊ သမီးများအတွက် ရမ်ခမ်ဟန်နှင့် ဘန်နနယ်မြေများရှိ ကွန်ဒိုများကို ဝယ်ယူနေကြသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီနှင့် ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို အများဆုံး ဝယ်ယူခဲ့သည့် ပြည်ပနိုင်ငံသားများမှာ တရုတ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ ဖြစ်သည်။ သို့သော် ယမန်နှစ်မှစ၍ မြန်မာနိုင်ငံသားများ၏ ဝယ်လိုအား မြင့်တက်လာခဲ့ပြီး ဝယ်ယူမှုအများဆုံး ထိပ်တန်း သုံးနိုင်ငံတွင် ပါဝင်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ 

အိမ်အသုံးစရိတ် အကြွေးများ မြင့်တက်လာမှုနှင့် စီးပွားရေး တုံ့ဆိုင်းနေမှုတို့ကြောင့် ဝယ်ယူနိုင်စွမ်း ကျဆင်းလာသော  ထိုင်းနိုင်ငံသား ဖောက်သည်များထံ ကွန်ဒိုတိုက်ခန်းများရောင်းချရန် အခက်တွေ့နေသည့် ထိုင်း အိမ်၊ ခြံ၊ မြေ ကုမ္ပဏီများအတွက် ယင်းကဲ့သို့ ဝယ်လိုအား မြင့်တက်လာမှုက အကျိုးဖြစ်ထွန်းစေသည်ဟု ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ရွှေ့ပြောင်းဝင်ရောက်မှုသည် လတ်တလော ရပ်တန့်သွားမည့် အခြေအနေ မရှိသေးဟု ယုံကြည်ကြောင်း  ဆူပင်က ပြောကြားခဲ့သည်။ 

အမျိုးသမီးများပါ စစ်မှုထမ်းရမည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒါဇင်နှင့်ချီသော မြန်မာလူငယ်များသည် ထိုင်းနယ်စပ် တာ့ခ်ခရိုင်တွင် ပြီးခဲ့သည့်လက  ဖမ်းဆီးခံခဲ့ရသည်။ မြန်မာစစ်အာဏာရှင်သည် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် တပ်ဖွဲ့ဝင်အရေအတွက် တိုးလာစေရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည့် ဥပဒေကို အသက်သွင်းရန် ကြိုးပမ်းနေသည်။ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများသည် ကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေး အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် မြန်မာစစ်အာဏာရှင်သည် အင်အားကြီးထွားလာသော အတိုက်အခံများနှင့် ရင်ဆိုင်နေရသည်။