ရမည်းသင်းထောင်က အကျဉ်းသား ၂၅၀ ကျော် ပြန်လွတ်သော်လည်း နိုင်ကျဉ်းများ မပါဝင်

001

(မဇ္စျိမ) ။ ။ စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဥ်းသူ ၂၅၀ ကျော် ပြန်လည်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းသူ၊ အကျဉ်းသား ၉,၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်ကြောင်းကိုမူ စစ်ကောင်စီက ထုတ်ပြန်ထားခြင်းမရှိပေ။

“ရမည်းသင်းအကျဉ်းထောင် နိုင်ကျဉ်းတယောက်မှ မလွတ်ပါဘူး၊ ခိုးမှု၊ လုယက်မှု အဲ့ဒီလို ရာဇဝတ်မှုတွေချည်းပဲ လွှတ်တာပါ” ဟု ရမည်းသင်းအကျဉ်းထောင်နှင့် နီးစပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

ရမည်းသင်းအကျဉ်းထောင်တွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်တို့လည်း အကျဉ်းချ ခံထားရသည်။

နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့ကို စစ်ကောင်စီက မိသားစုနှင့် ထောင်ခွင့်စာတွေ့ဆုံခွင့်လည်း မပေးသေးကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

“လူတောင်အတွေ့မခံဘူး၊ အခုထိတွေ့ခွင့်မရဘူး၊ ဝန်ကြီး ဦးမင်းသူရယ်၊ ဒေါက်တာမျိုးအောင်ရယ်၊ ကိုရဲမင်းဦးရယ် သုံးယောက်က အဲ့ဒီရမည်းသင်း ထောင်ထဲမှာ သူတို့သုံးယောက်က အဓိကပဲ၊ လုံးဝမတွေ့မခံဘူး၊ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးကလည်း ပြောသည်။

ယနေ့ စစ်ကောင်စီက ပြန်လွှတ်ပေးသူများမှာ အဓိကအားဖြင့် ပြစ်ဒဏ် တနှစ်အောက်ကျန်ရှိသူများဖြစ်ပြီး ထိုအထဲတွင်လည်း ပြစ်ဒဏ်ခြောက်လအောက် ကျန်ရှိသူများကို ဦးစားပေးလွှတ်ပေးသွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီထောင်တွင်လည်း ယနေ့ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသား တဦးမျှမပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်ကပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၂၅,၇၀၀ ကျော်ရှိပြီး ထိုအထဲမှ ၁၉,၉၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၇,၀၁၂ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာပါဝင်ခဲ့ကြောင်း AAPP က ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်