၁၁၁၁ စစ်ဆင်ရေးကာလအတွင်း အရပ်သား ၈၀ ကျော်သေဆုံးပြီး စစ်ဘေးရှောင် ၉၀,၀၀၀ ကျော်တိုးလာ

ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင်ပြည်သူအချို့အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ​တွေ့ရစဥ် (KHAI)

001

(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီအစပ်တွင် ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း အရပ်သား ဦးရေ ၈၀ ကျော် သေဆုံးပြီး စစ်‌ဘေးရှောင်ဦးရေ ၉၀,၀၀၀ ကျော်တိုးလာကြောင်း ကရင်နီပြည်နယ် အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကောက်ယူနေသည့် ကရင်နီလူ့အခွင့်အ‌ရေးအဖွဲ့( KnHRG) ထံက သိရသည်။

အရပ်သားသေဆုံးမှုများတွင် အမျိုးသမီးနှင့် ကလေးသူငယ် ၄၀ ရာခိုင်နှုန်းဝန်းကျင်ပါဝင်ပြီး အများအားဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနှင့် လမ်းသွားနေစဉ် ပစ်ခတ်ခံရမှုတို့ကြောင့်ဖြစ်ကြောင်း (KnHRG) တည်ထောင်သူ ကိုဗညားကပြောသည်။

တိုက်ပွဲများ​ကြောင့် ကရင်နီပြည်နယ် ၊ လွိုင်​ကော်မြို့တွင် စစ်​ဘေး​ရှောင်ရသူ ဦးရေ ၆၀,၀၀၀ ဝန်းကျင်ရှိပြီး ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့တွင် စစ်​ဘေး​ရှောင်ရသူ ဦးရေ ၃၀,၀၀၀ ဝန်းကျင်ရှိကြောင်း ၎င်းက​ပြောသည်။

၁၁၁၁ စစ်ဆင်​ရေးကာလအတွင်း တိုးလာသည့် စစ်​ဘေး​ရှောင် အ​ရေအတွက်နှင့် ပတ်သက်ပြီး “အကုန်လုံးပေါင်းရင်တော့ ၉၀,၀၀၀ ကနေ ၁၀၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ အကြမ်းဖျင်းခန့်မှန်းထားတာရှိပါတယ်”ဟု ကိုဗညားကပြောသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ဆင်နွှဲခဲ့ပြီးနောက် လွိုင်ကော်၊ မိုးဗြဲနှင့် ဖယ်ခုံတို့ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရကာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း လွိုင်ကော်မြို့နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲများ ရှိနေဆဲဖြစ်ပြီး ထိုသို့ တိုက်ပွဲဖြစ်ပွားသည့် မြို့များအပြင် တိုက်ပွဲမရှိသည့် မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနေရာတွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီအစပ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူဦးရေ စုစုပေါင်း ဦးရေ ၃၅၀,၀၀၀ ဝန်းကျင်ရှိပြီး အရပ်သားသေဆုံးသူ ဦးရေ ၅၀၀ ဝန်းကျင်အထိရှိလာပြီဖြစ်ကြောင်း KnHRG ၏ အချက်အလက်များအရ သိရသည်။

တဖက်တွင်လည်း စစ်ဘေးရှောင်ဦးရေပိုမိုများပြားလာသည့်နှင့်အမျှ အကူအညီပေးနေသည့်အဖွဲ့အစည်းများအတွက် ငွေကြေးဆိုင်ရာအခက်အခဲများအပြင် တိုက်ပွဲများကြောင့် ပုံမှန်ကုန်စည်စီးဆင်းမှုများရပ်တန့်သွားသည့်အတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်အသုံးအဆောင်တို့ ဝယ်ယူနိုင်ရေးတို့တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး