မက်ဆီနဲ့ ဘွန်မာတီတို့ ၂၀၂၃ အတွက် FIFA ရဲ့ အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

AFP

တနင်္လာနေ့မှာ လန်ဒန်မြို့က ဆုပေးပွဲအခမ်းအနားမှာ လီယွန်နယ် မက်ဆီက ၂၀၂၃ အတွက် FIFA ရဲ့ The Best အကောင်းဆုံးအမျိုးသားဘောလုံးသမားအဖြစ် အငြင်းပွားဖွယ်ရာ ဆုကို ဆွတ်ခူးခဲ့ပြီး အိုင်တန်းနား ဘွန်မာတီက အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါဆုကို တတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပေမယ့် အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာစီးတီးအတွက် စွမ်းဆောင်ပြခဲ့တဲ့ အာလင်း ဟာလန်းကို ကျော်ပြီး အံ့အားသင့်စွာ ရရှိခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆွတ်ခူးအောင် ဦးဆောင်ခဲ့တာဆိုပေမယ့် ဒီဆုဟာ ၂၀၂၂ ဒီဇင်ဘာလမှ ၂၀၂၃ သြဂုတ်လအထိသာ အကျုံးဝင်ခဲ့တာပါ။

ဘလွန်းဒီအော် ရှစ်ကြိမ်ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို မပြောင်းရွှေ့ခင် အဲဒီအချိန်ကလအတွင်း လီဂူဝမ်းအမှတ်ပေးဖလားကို ရရှိခဲ့ပေမယ့် ပဲရစ်စိန့်ဂျာမိန်းမှာ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ ကစားသမားဘဝကို ပြီးဆုံးခဲ့တာပါ။

မက်ဆီဟာ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အသင်းကို ပထမဆုံး ဖလားအနေနဲ့ လိဂ်ဖလား (Leagues Cup)ကို ဩဂုတ်လမှာ ရယူပေးခဲ့တာကြာင့် အမေရိကမှာ သူ့ရဲ့မှတ်ကျောက်ကို လျင်မြန်စွာ တင်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ စီးတီးနဲ့အတူ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ၅၂ ဂိုးသွင်းယူခဲ့သလို အင်္ဂလန်ကလပ်ကလည်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ဖလား သုံးလုံးရယူခဲ့တာကြောင့် သူဟာ ဒီဆုကို ဆွတ်ခူးဖို့အတွက် ရေးပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

မက်ဆီနဲ့ ဟာလန်းတို့ဟာ လက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ နည်းပြတွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲတွေကို အခြေခံတဲ့ အမှတ်ပေးစနစ်ကနေ ရမှတ်တွေ တူညီနေခဲ့ပြီးနောက် မက်ဆီဟာ ပထမဦးစားပေး ရွေးချယ်မှုမှာ ရမှတ်ပိုများခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အသင်းဖော်ဟောင်း ကိုင်လီယန် အမ်ဘာပေက တတိယ ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးဆန်ကာတင် သုံးဦးစလုံးဟာ အဆိုပါ ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ဘဲ အခမ်းအနားပူးတွဲတက်ဆက်သူဖြစ်တဲ့ အာဆင်နယ်နဲ့ ပြင်သစ် ဂန္တဝင် သီယာရီ ဟင်နရီက မက်ဆီအစား ဆုကို လက်ခံခဲ့ပါတယ်။ဘွန်မာတီဟာ ၂၀၂၃ အတွင်း စပိန်အမျိုးသမီးအသင်းကို ကမ္ဘာ့ဖလား၊ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ခဲ့တာကြောင့် အကောင်းဆုံးအမျိုးသမီးကစားသမားအဖြစ် သံသယဖြစ်ဖွယ်မရှိ ရွေးချယ်ခံရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ မကြာသေးခင်လများအတွင်း ဘလွန်းဒီအော်၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုနဲ့ UEFA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။