သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး

သိမ်းပိုက်ခံလိုက်ရသော သိုင်းငင်းစစ်ကောင်စီတပ်စခန်း

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်၊ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း CDF -CDM Siyin တပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကို အတည်ပြုပြောသည်။

“ဟုတ်ကဲ့ ကျနော်တို့ စခန်းသိမ်းနိုင်တာ မှန်ပါတယ်၊ ဒီမနက်ပဲရပါတယ် ၊ မြေပြင် အခြေအနေတွေကိုတော့ သေချာမသိရသေးပါဘူး” ဟု CDF -CDM Siyin တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုအတည်ပြုပြောကြားသည်။

အဆိုပါ သိုင်းငင်းတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသိုင်းငင်း စစ်ကောင်စီတပ်စခန်းသည် တီးတိန်မြို့နယ် ၊ ကလေး – ဖလမ်း – ဟားခါးလမ်းမ ဘေးတွင်တည်ရှိသည်။

လေးရက်ကျော်ကြာ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်ဖွဲ့ဝင် ရှစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ ကနဦး စုံစမ်းသိရသည်။

ကျဆုံးသွားသော ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များ၏ အမည်နှင့် တာဝန်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယင်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) ၊ Chin Rifle၊ CDF – KKG ၊ CDF- Thantlang၊ CDF- Hakha၊ PDA, CDF – Hualngoram ၊ CDF – Zanniatram, CDF -CDM Siyin နှင့် TCDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်စခန်းကို သိမ်းပိုက်နိုင်သော်လည်း ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရန်နှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် လုံခြုံရေးသတိထားကြရန်နှင့် ကလေး – သိုင်းငင်းလမ်းကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ချင်တော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

အချက်အချာကျသော ပြည်ထောင်စုလမ်းမပေါ် တွင်တည်ရှိသည့် သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်သည့်အတွက် ပြည်မမှ ချင်းတောင်သို့တက်လာမည့် စစ်ကောင်စီတပ် လမ်းကြောင်းကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောသည်။

စာတည်း။ ။ နောင်နောင်