ကျိုက်မရော အကျဉ်းထောင်တွင် နိုင်ကျဉ်း ၁ ဦး ထပ်မံသေဆုံး

မိုးသောက်

(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုပြည့်ဖြိုးအောင်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ညတွင် ရင်ဘတ်အောင့်၍ ညတွင်းချင်း ထောင်တွင်းဆေးရုံသို့ တင်လိုက်ရပြီးနောက်တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“သူကမနေ့က (ဇန်နဝါရီ ၁၅ ရက်) ညက ရင်ဘတ်အောင့်တယ်လို့ပြောပြီး ထောင်ထဲကဆေးရုံမှာတက်ရတယ်။ သူတို့အခေါ် အရေးပေါ်ပေါ့။ ထောင်ဆေးရုံတင်ရ တာပေါ့။ ပြီးတော့ မနက်ကျတော့ သေသွားတယ်ဆိုပြီးသိရတယ်”ဟု အကျဉ်းထောင်နှင့်နီးစပ်သူက ပြောသည်။

ကျိုက်မရောအကျဉ်းထောင်တွင်း လုံလောက်စွာ ဆေးကုသခွင့် မရ၍ ဇန်နဝါရီလ ၁၂ ရက်နေ့က နိုင်ကျဉ်းတဦး သေဆုံးပြီးနောက် ယခု ကိုပြည့်ဖြိုးအောင် သေဆုံးမှုသည် ဒုတိယမြောက် သေဆုံးမှု ဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရသည့် အသက် (၃၀) အရွယ် ကိုပြည့်ဖြိုးအောင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ထားသည့် မီးသတ် CDM တဦးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်တွင် ကိုပြည့်ဖြိုးအောင်သည် လေထိုးလေအောင့်ရောဂါ မသက်သာသည့်အတွက် ထောင်ဆေးရုံကို တင်ခဲ့ရပြီး ဆေးရုံအုပ် အနားယူနေသည့်အတွက် တာဝန်ကျ သွားဆရာဝန်မှ ဆေးတလုံးထိုးပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် တနာရီခန့် အကြာတွင် ပါးစပ်မှ အမြှပ်များထွက်ပြီး မေ့လဲခဲ့သဖြင့် ဆေးရုံအုပ်ရောက်လာပြီး အသက်ကယ်ဆေးနှစ်လုံးထိုးကာ အောက်စီဂျင်တပ်ပြီး ပြင်ပဆေးရုံသို့ပို့ဆောင်စဉ် နံနက် ၁ နာရီတွင် သေဆုံးသွားကြောင်းလည်း ပြောထားသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ထပ်သိရရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကျိုက်မရောထောင်တွင် လတ်တလောသေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရှိနေသည်။

အသက် (၄၃) နှစ်အရွယ် ကိုရာရှင်(ခ) ကိုဟာရှင်သည် ကျိုက်မရောအကျဉ်းထောင်တွင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့်နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်ထဲတွင် ဆေးကုသမှုလုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့သည့် ဖြစ်စဉ်များသည် ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း စောင့်ကြည့်နေသူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကောက်ယူထားသည့် အချက်အလက်အရ ၂၀၂၃ ခုနှစ်အတွင်း လုံလောက်စွာ ဆေးကုသခွင့် မရရှိသဖြင့် အကျဉ်းထောင်တွင်း သေဆုံးသူ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦးရှိကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်