ဘဏ္ဍာရေးချိုးဖောက်မှုများကို အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ် ဝန်ခံ

PK Thawn

အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ဟာ ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်ကြောင်း ဝန်ခံခဲ့ပြီးနောက် ဒီအမှုတွေကို ဆက်လက်စုံစမ်းစစ်ဆေးဖို့နဲ့ သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့အတွက် ပရီးမီးယားလိဂ်မှ လွတ်လပ်တဲ့ ကော်မရှင်ထံ တနင်္လာနေ့မှာ ညွှန်ကြားထားပါတယ်။

လိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုစည်းမျဉ်းများကို ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ ၂၀၂၂-၂၃ ရာသီနဲ့ ဆက်စပ်ပြီး နှစ်သင်းစလုံးဟာ အမှတ်ဖြတ်ခံရမယ့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ အဲဗာတန်နဲ့ ဖောရက်စ်တို့ဟာ တန်းဆင်းမဆင်းရေး တိုက်ပွဲဝင်နေရတာကြောင့် ၎င်းတို့ရဲ့ ထိပ်တန်းလိဂ်အဆင့်မှာ ရပ်တည်ရေးက သံသယဖြစ်စေမှာဖြစ်ပါတယ်။

အဲဗာတန်က ၂၀၂၁-၂၂ ရာသီကုန်မှာ အရှုံးပေါ်ခွင့် ပြုထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်သွားတဲ့အတွက် ဒီရာသီမှာ ၁၀ မှတ် အလျော့ခံရပြီးဖြစ်ပါတယ်။

မာဆေးဆိုက်ကလပ်ဟာ အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်နေပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကြီးမားဆုံး အမှတ်လျော့ချမှုအဖြစ် သတ်မှတ်ထားပါတယ်။

“အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ဟာ လိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုစည်းမျဉ်းများ (PSR) ကို ချိုးဖောက်ကြောင်း သူတို့က ပရီးမီးယားလိဂ်ကို အသီးသီးအတည်ပြုခဲ့ပါတယ်”လို့ ပရီးမီးယားလိဂ်ထုတ်ပြန်ချက်က ပြောပါတယ်။

“ဒါက ၂၀၂၂-၂၃ ရာသီကုန် အကဲဖြတ်ကာလအတွက် ခွင့်ပြုထားတဲ့ သတ်မှတ်ချက်တွေထက် ကျော်လွန်ပြီး ဘဏ္ဍာရေးလိုငွေပြမှုတွေဖြစ်တယ်။

“ပရီးမီးယားလိဂ် စည်းမျဉ်းတွေနဲ့အညီ သင့်လျော်တဲ့ အရေးယူပြစ်ဒဏ်ချမှတ်မှုကို ဆုံးဖြတ်ဖို့ သီးခြားကော်မရှင်တွေကို ခန့်အပ်ခံမယ့် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌထံ အခုအချိန်မှာ ဒီအမှုနှစ်ခုစလုံးကို ပေးပို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။

“ကော်မရှင်တွေဟာ ပရီမီးယားလိဂ်နဲ့ ကလပ်အသင်းဝင်အသင်းတွေနဲ့ အမှီခိုကင်းပါတယ်။ ကနဦး တရားစွဲမှုတွေကို သီးသန့် ကြားနာနေချိန်မှာ ကော်မရှင်ခွဲတွေရဲ့ အပြီးသတ်ဆုံးဖြတ်ချက်တွေကို ပရီးမီးယားလိဂ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ လူသိရှင်ကြား ထုတ်ပြန်သွားမှာဖြစ်ပါတယ်။”