စစ်တွေလေဆိပ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

001

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ည ၈ နာရီခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သိရသည်။

“၈နာရီခွဲလောက်မှာ ကျွန်တော် အိမ်အပြင်ဘက်မှာ လမ်းလျှောက်နေရင်း ကြားလိုက်တယ်။ ပုံမှန်ကြားနေကျ ဘက်ခြမ်းက မဟုတ်လို့ စိတ်ဝင်စားလိုက်တယ်။ နောက်တော့မှ သိရတယ်။ အဲ့ဒီလိုဖြစ်တယ်ဆိုပြီး။ အသံက တချက်ပဲ။အဲ့ဒီဘက်ခြမ်းက အဲ့ဒီတချက်ပဲ။ အသံကကျယ်တယ်။ အမြောက်ကြီးပစ်တဲ့အသံလိုမျိုး။ ဒါပေမဲ့ အဲ့ဒီ‌လောက်ကြီးတော့ မကျယ်ဘူး။ နည်းနည်း ကျွန်တော်တို့ ခါတိုင်းလက်နက်ကြီးပစ်နေတဲ့ အသံတွေကြားရတယ်လေ ဒီမှာက။ အဲ့ဒီအသံနဲ့တော့ မတူဘူး”ဟု စစ်တွေမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း လေဆိပ်ဝန်ထမ်းတဦးက အတည်ပြုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

“ဗုံးက VIP အခန်းမှာ ကျတယ်ကြားတယ် ” ဟု အခြားမြို့ခံ တဦးက ဆိုသည်။

ဗုံးကျရောက်ပေါက်ကွဲပြီးနောက် မိနစ် ၃၀ ခန့်ကြာသည်အထိ ရမ်းသန်းပစ်ခတ်မှုများ စစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးခန့် ရှိကြောင်း သတင်းထွက်ပေါ်နေ‌သော်လည်း မဇ္ဈိမ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် အသေးစိတ်မေးမြန်းနိုင်ရန် စစ်တွေလေဆိပ်တာဝန်ခံထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အပြင်ရောက်နေသည့်အတွက် မသိရှိလိုက်ကြောင်း ပြောကာ ဖုန်းချသွားသည်။

စစ်တွေမြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနတခုကလည်း စစ်တွေလေဆိပ်တွင် ယနေ့ လေယာဉ်ပြေးဆွဲမှုများ ပုံမှန်အတိုင်းရှိကြောင်း ဆိုသည်။

“စစ်တွေခရီးစဉ်လေကြောင်းက အကုန်လုံး ပုံမှန်အတိုင်းပဲရှိပါတယ်။ မနေ့က စစ်တွေလေဆိပ်မှာ ဗုံးပေါက်တာ အသံတော့ကြားပါတယ်။ ကျွန်တော်လည်း လေဆိပ်ကို သွားတော့မကြည့်ရသေးဘူး။ ထိခိုက်ဒဏ်ရာရတာတွေဘာတွေတော့ မသိပါဘူး”ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးသကဲ့သို့ မည်သည့်အဖွဲ့၏ လုပ်ဆောင်မှုဖြစ်ကြောင်းကိုလည်း မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး