ကော့ကရိတ်(မြောက်ပိုင်း)၆၀ရာခိုင်နှုန်းကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းယူထားပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း- ကျားဖြူစစ်ကြောင်းမှ ရဲဘော်များကို ကော့ကရိတ်မြို့တွင် တွေ့ရစဥ်။

သွင်ထူးဈာန်

ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့(မြောက်ပိုင်း)ကို ၆၀ရာခိုင်နှုန်းသိမ်းယူထားနိုင်ကြောင်း ကျားဖြူစစ်ကြောင်းမှူးက မဇ္ဈိမကိုပြောသည်။

“ကော့ကရိတ်စစ်ဆင်ရေးကတော့ K သုံးလုံးစစ်ဆင်ရေးလို့ ခေါ်တာပေါ့နော်၊ ဒီဇင်ဘာ ၁ရက်နေ့က စတာဆိုတော့ စစ်ဆင်ရေးက တလကျော်သွားပြီ။ ရာခိုင်နှုန်းအားဖြင့် ၆၀ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီးပြီလို့ ပြောလို့ရပါတယ်”ဟု ကျားဖြူစစ်ကြောင်းမှူး ကိုမန်ဇွဲက ပြောသည်။

ကော့ကရိတ်မြို့တွင် နေ့စဥ်ဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ရက် ညနေ ၃နာရီဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တဦး လက်နက်ကြီးကျည် ထိမှန်ကာ ကျဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

“ညနေ ၃နာရီလောက်က တိုက်ပွဲစဖြစ်တာ သူက ဘန်ကာပေါ်ကနေ ချောင်းကြည့်နေရင်း ၈၁ မမ လက်နက်ကြီး သူ့ဘေးကို ကျပြီး နဖူးကို လက်နက်ကြီးစ ထိသွားတာ”ဟု ရှေ့တန်းရောက်ရှိနေသည့် ရဲဘော်တဦးက ပြောသည်။

ကျဆုံးသွားသည့် ရဲဘော်မှာ အသက် ၁၉နှစ်အရွယ် ရဲဘော်မျှစ်ကြော် ဖြစ်ပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်ဖြစ်ကြောင်း သိရသည်။

အမှတ် (၃)ရဲဝင်းကို ကျားဖြူစစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်ပြီး ယင်းနေရာသည် စစ်ကောင်စီတပ်နှင့် နေ့စဥ်ပစ်ခတ်နေသည့် စစ်မြေပြင်နေရာဖြစ်ကြောင်း သိရသည်။

“ကော့ကရိတ်မြောက်ပိုင်းမှာ ကျားဖြူစစ်ကြောင်းက အမှတ်(၃)ရဲဝင်း၊ ခလရ(၉၇)တပ်ရင်းနဲ့ စကစ ဂိတ်တွေကို ပိတ်ဆို့ထားတာ ကြာပြီ ။တလကျော်ကြာပြီပေါ့၊ စစ်ကောင်စီဘက်က နေ့တိုင်း ဒရုန်းနဲ့ ဗုံးကြဲတယ် လက်နက်ကြီးနဲ့ပစ်တယ် ခလရ(၉၇)တပ်ရင်း၊ စကခ(၁၂)နဲ့ လှိုင်ဝစခန်းကုန်းက လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာ ။အမှတ်(၃)ရဲဝင်းရှေ့က အိမ်တွေ တော်တော်များများ မီးလောင်ကုန်ပြီ စစ်ကောင်စီက ပစ်ကွင်းကောင်းအောင် မီးရှို့ဖျက်ဆီးထားတာ”ဟု မြေပြင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။

၂၀၂၃ ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကော့ကရိတ်မြို့နှင့် အနီးကျေးရွာမှ ဒေသခံ ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၄၀ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၃၀ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းပရဟိတအဖွဲ့များထံမှ သိရသည်။

ကော့ကရိတ်မြို့ရှိ အမှတ်(၇)ရပ်ကွက်(တံတားဦး)၊ ကြာအင်းကုန်း၊ ဆင်ကုန်း၊ နန်းကော့တိုး ၊ချောင်းတောင်ရပ်ကွက်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးနေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)