မြိတ်နှင့်ကော့သောင်းက စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်သူတွေကို အရေးယူမည်ဟု ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ထုတ်ပြန်

မြိတ်နှင့် ကော့သောင်းမှ ပြည်သူ့စစ်အဖွဲ့များ

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့တွင် စစ်ကောင်စီအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနေသူများအား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ မတ် ၁၈ ရက်နေ့ ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှအားပေးကူညီပြီး ပူးပေါင်းဆောင်ရွက်သူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးသူလျှိုများ အစရှိသည့် အဖွဲ့စည်းဖြစ်စေ၊ တဦး ချင်း တယောက်ချင်းဖြစ်စေ၊ မည်သူ့ကိုမဆို ထိရောက်စွာလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

“ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ လုံးဝ အသိမှတ်မပြုဘူး။ အားလုံးလည်း သိပြီးသားပါ။ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့အင်အားပြုန်းတီးမှုတွေကများလာပြီး အင်အားကလည်း တနေ့ ထက်တနေ့ လျော့နည်းလာပြီဖြစ်တယ်။ ဒါကြောင့် မတရားဥပဒေထုတ်ပြီး ပြည်သူကိုအတင်းအဓမ္မ ခေါ်ဆောင်နေတဲ့သူမှန်သမျှကို ထိထိရောက်ရောက် အရေးယူသွားမယ်”ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လရောင်က ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ် ချုပ်ရေးအဖွဲ့၏ ရာအိမ်မှူးများကို မတ်လ ၁၄ ရက်နေ့မှ စတင်ကာ စစ်မှုထမ်းရန်လူဦးရေစာရင်းများ ကောက်ယူခဲ့ကာ ၁၆ ရက်မှ ယနေ့ ၁၉ ရက်နေ့အထိ မဲနှိုက်ရွေးချယ်မှုများပြုလုပ်နေကြောင်း မြို့ခံများထံ မှ သိရသည်။

ယင်းသို့စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ရာတွင် ရပ်ကျေးအုပ်ကြီးနှင့် အဖွဲ့များ၊ ရာအိမ်မှူးတို့၏ မိသားစုများ မှာစာရင်းတွင်မပါဝင်သည့်အပြင် မဲနှိုက်ရွေးချယ်ရာတွင်လည်းပါဝင်ခြင်းမရှိ၍ ရပ်ကွက်နေပြည်သူများ၏ ကန့်ကွက်မှုများကြောင့် အစည်းဝေးပျက်ပြီး ပြဿနာတက်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း ဒေသခံ များကပြောသည်။

“အခုဆိုရင် ရပ်ကွက်အလိုက်မဲနှိုက်တာရှိသလို ကိုယ့်ရပ်ကွက်ကိုယ့်လမ်းထဲမှာလာလုပ်နေလို့ စိုးရိမ်ပူ ပန်နေရတယ်။ ရှောင်တဲ့သူကရှောင်နဲ့ ကျီးလန့်စာစား ဖြစ်နေရတယ်”ဟု မြိတ်မြို့ မြိတ်တောင်နယ်မြေမှ အသက် ၅၀ နှစ် ဝန်းကျင် အိမ်ရှင်မတဦးက ပြောသည်။

စစ်မှုထမ်းရန်မဲပေါက်သူများကို အချို့ရပ်ကွက်များ၌ ချက်ချင်းခေါ်ယူခြင်းမျိုးရှိသလို အစည်းဝေး ထပ်မံ ခေါ်ယူပြီးမှ ခေါ်ယူရန်စီစဉ်ထားခြင်းများလည်းရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံမှသိရ သည်။

“တချို့ကသိပ်ပြောပြလို့မရသေးဘူး၊ လျှိုဝှက်သင့်တာရှိနေတော့။ တခုပြောချင်တာက အခြေအနေ အချိန်ခါကြည့်ပြီးတော့ လှုပ်ရှားသွားမယ်လို့ပဲ ပြောချင်ပါတယ်”ဟု ဗိုလ်လရောင်က ဆက်ပြောသည်။

မြိတ်နှင့်ကော့သောင်းမြို့နယ်များတွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ရာ၌ တလမ်းလျှင် နှစ်ဦး၊ သုံးဦးနှုန်း၊ ကျေးရွာများတွင် တရွာလျင် ငါးဦးနှုန်းဖြင့် ခေါ်ယူနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ