ဖောင်ဆိပ်တံတားကို ဖောက်ခွဲသည်မှာ “ဝ” တပ်ဖွဲ့မဟုတ်

JC

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်မြို့နဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ် တံတားကို “ဝ” တပ်ဖွဲ့ USWA က ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြပါတယ်။

“ထရုမီဒီယာ” ဆိုတဲ့ တယ်လီဂရမ် အကောင့်ကနေ ဇန်နဝါရီ ၁၄ ရက်နေ့မှာ “ဟိုပန်-လားရှိးဆက်သွယ်ထားတဲ့တံတားတစ်ခြမ်းကိုဝ တပ်ဖွဲမိုင်းခွဲဖျက်ဆီး” လို့ရေးသားပြီး ဗီဒီယိုဖိုင်တခုကို စတင် ဖြန့်ဝေထားပါတယ်။ ဒီဖိုင်ဟာ တယ်လီဂရမ် ချန်နယ်နဲ့ ဂရု ၂၇ ခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ တသိန်းခွဲကျော် ရှိနေပါပြီ။

ဒီ ဗီဒီယိုဖိုင်နဲ့ပဲ ဖေ့ဘုတ်မှာလည်း “Kyaw Win Maung” ဆိုတဲ့ အကောင့်တခုကနေ ဇန်နဝါရီ ၁၄ ရက်နေ့မှာ “ဟိုပန်-လားရှိုးဆက်သွယ်ထားတဲ့တံတားတစ်ခြမ်းကို ဝ တပ်ဖွဲ့မိုင်းခွဲဖျက်ဆီးလိုက်တာဆိုတော့ ဝ ကသီးခြားပြည်နယ်အဖြစ်ခွဲထွက်လိုက်ပါပြီး NCAတက်လိုက် ဆွေးနွေးလိုက် အခမ်းအနားတွေလုပ်ရင်မြန်မာအလံလေးထောင်ပြလိုက်တကယ်တော့ ဝပြည်မှာမြန်မာအစိုးရ အုပ်ချုပ်ရေး ယန္တရားဆိုတာ(လုံးဝ) မရှိပါဘူးနော် ကိုယ်ပိုင်ပြည်နယ်မှာကြိုက်တာလုပ်နေကြတာဘာမှလည်းဝင်လုပ်လို့မရပါစိတ်မကောင်းရုံမှလွဲပြီးတဖြည်းဖြည်းနဲ့ပြည်ထောင်စုကပျက်စီးတော့မယ်” (မူရင်းအရေးအသား အတိုင်း) လို့ ရေးပြီး ဖြန့်နေပါသေးတယ်။

မဇ္ဈိမကနေ အဲဒီအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ပြီး ဒီသတင်းက မှားနေတာကို တွေ့ရပါတယ်။
တကယ်တော့ ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့ တံတားဟာ ဟိုပန်မြို့နဲ့ လားရှိုးကို ဆက်သွယ်ထားတဲ့တံတားမဟုတ်ဘဲ ချင်းရွှေဟော်နဲ့ ဟိုပန်မြို့ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားဖြစ်ပါတယ်။ အဲ့ဒီတံတားဟာ လတ်တလောမှာ ဖောက်ခွဲခံထားရတာမဟုတ်ဘဲ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ညီနောင်သုံးဖွဲ့က ဖောက်ခွဲခဲ့တာပဲ ဖြစ်ပါတယ်။

“ဝ” တပ်ဖွဲ့ UWSA က ဖောက်ခွဲခဲ့တာ မဟုတ်သလို လတ်တလော ဖျက်ဆီးခံထားရတာလည်း မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မဇ္ဈိမကနေ UWSA လားရှိုး ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဖောင်ဆိပ်တံတား ဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။

သတင်းမှားမှာ ဖော်ပြထားတဲ့ ရုပ်သံနဲ့ပတ်သက်ပြီး ဒေသခံ လေးဦးကို မေးမြန်းခဲ့တာမှာ ဖျက်ဆီးခံထားရတဲ့ ဖောင်ဆိပ် တံတားကို UWSA က ပြန်လည်ပြင်ဆင်ဖို့ကွင်းဆင်းကြည့်ရှုနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဇန်နဝါရီ ၁၀ ရက်နေ့က၊ ဝလူကြီးတွေ၊ ဟိုပန်မြို့၊ နမ့်တိန်ချောင်းကူးတံတား(ဖောင်ဆိပ်တံတား) ပြန်ပြင်ဖို့သွားကြည့်တာပါ။ (၂၇-၁၀-၂၀၂၃)ရက်နေ့၊ မနက်ပိုင်းက ဖောက်ခွဲခံရတာပါ။ ဖောင်ဆိပ်တံတား ဟုတ်ပါတယ်” လို့ ဟိုပန် မြို့ခံတဦးက ပြောပါတယ်။

“ဖောင်ဆိပ်တံတားပါ။ ညီနောင်ဖြိုခဲ့တာပါ။ ပြန်ပြင်မလို့လုပ်နေတာပါ။ ပျက်သွားတဲ့အပိုင်းကိုဖြိုနေတာပါ။ ပြန်ပြင်ဖို့ပါ” လို့ အခြားမြို့ခံတဦးကလည်း ပြောပါတယ်။

ဖောင်ဆိပ်တံတားကို ၁၀၂၇ စစ်ဆင်ရေး အစပိုင်းကာလမှာ ညီနောင်သုံးဖွဲ့ကနေ စစ်ကောင်စီရဲ့ ရိက္ခာနှင့် စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့အတွက် ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်တဲ့အကြောင်းကိုလည်း လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။
လင့် https://www.facebook.com/photo?fbid=749089457263720&set=a.659868382852495
လင့် https://fb.watch/pAkuPujwDy/

ဒါကြောင့် သတင်းမှားမှာ ဖြန့်ဝေထားတဲ့ ဖောက်ခွဲခံရတဲ့တံတားဟာ လားရှိုး-ဟိုပန်ကို ဆက်သွယ်ထားတဲ့ တံတားမဟုတ်ဘဲ ၁၀၂၇ စစ်ဆင်ရေးအစကာလမှာ ညီနောင်သုံးဖွဲ့က ဖောက်ခွဲခဲ့တဲ့ ချင်းရွှေဟော်နဲ့ ဟိုပန်မြို့ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားဖြစ်ပြီး လက်ရှိမှာ အဲ့ဒီတံတားကို ပြန်လည်ပြုပြင်ဖို့ “ဝ” တပ်ဖွဲ့ UWSA က သွားရောက်ကြည့်ရှုနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟိုပန်မြို့ကို ညီနောင်သုံးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒေသခံတွေရဲ့ တောင်းဆိုချက်အရ “ဝ”တပ်ဖွဲ့ UWSA က နှစ်ဖက်အဖွဲ့တွေနဲ့ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ ဟိုပန်မြို့ကို UWSA ရဲ့ အုပ်ချုပ်မှုအောက်ကို ထည့်သွင်းလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီထောက်ခံသူတွေက အခုလို သတင်းတွေဖြန့်ဝေလာကြပြီး လူမျိုးရေးကို အကြောင်းပြ သွေးထိုးလှုံ့ဆော်လာတာကို သတိပြုဖို့ လိုအပ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။