နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၉ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ မအူကွင်းရွာအနီးတွင် ပြည်သူ့ စစ်  (ပျူစောထီး) ဖွဲ့စည်းစုဆောင်းရန် အတွက် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ထွက်ခွာ လာ သည့် အင်အား ၄၅ဦးပါအကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ဇန်နဝါရီလ ၁၃ရက် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ Sniper အဖွဲ့နှင့် တပ်ခွဲအသီးသီးမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း Bago Region PDFက  ထုတ်ပြန်ခဲ့သည်။ 
  • အကြမ်းဖက်စစ်တပ်က တိုက်ရန်အသင့်ပြင်နေသည့် အနေအထားမဟုတ်ကြဘဲ ပြေးရန် အသင့်ပြင်နေ ကြသည့် အနေအထား ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ပြောကြား သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့တွင် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လှုပ်ရှားနေသော ဖားကန့်သပိတ် ဦးဆောင်သူနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သပိတ်အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။ 
  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့ရှိ ရန်ကုန်- မော်လမြိုင်ကားလမ်းဘေးမှ ပုတိန်ရိုး ကျေးရွာတွင် အရပ်သားတဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည် 
  • မြန်မာ့အရေးနှင့်ပတ်သတ်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆွစ်ဇာလန် နိုင်ငံ Davos မြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် ၂၀၂၄ ကမ္ဘာစီးပွားရေး ညီလာခံ၏ အစည်းအဝေးပြင်ပသီးခြားတွေ့ဆုံပွဲ၌ သံခင်းတမန်ခင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 
  • တနင်္သာရီတိုင်း၊မြိတ်မြို့နယ်အကျဉ်းထောင်အတွင်း အကျဉ်းသား ၂,၀၀၀ နီးပါး အထိများပြားနေ၍ အစားသောက်နှင့်ကျန်းမာ‌ရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိကြောင်း မကြာသေးမီက ပြန်လည်လွတ်မြောက်လာသောနိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။ 
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်၌ ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ ဇန်နဝါရီလ ၁၈ ရက်အထိ နေရပ်မပြန်နိုင်သေးကြောင်း ၎င်းတို့အားအကူအညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။ 
  • မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းအနီး သွားလာနေသူများကို စစ်ဆေးရန် ပြင်ဆင်နေသည့် စစ်သားနှင့် ရဲများ ပစ်ခတ်ခံရသည်၊ တိုက်ခိုက်သူများဘက်မှလည်း ၁ ဦး သေဆုံးသွားသည်။ 
  • စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ဒေသခံစည်းရုံးရေး တာဝန်ခံ လူငယ်များနှင့်အတူ ပူးပေါင်း၍ လူထုစည်းရုံးလှုံ့ဆော်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၉) နံနက်က ချီတက်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက မဲအိုးကျေးရွာမှ ရွာသူ၊ရွာသား ၄၀ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး သုံးဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲကာလ နှစ်လအတွင်း အရပ်သား ၈၁ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၂၇၇ ဦးရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • KNU နယ်မြေများအတွင်း ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၄,၅၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ဦးရေ ၅,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။ 
  • ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းရန်၊ ရေကြောင်းရန်နှင့် လက်နက်ကြီး ရန်များမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာနေထို င်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇန်နဝါရီလ ၁၇ ရက်နေ့က အသိပေးထားသည်။ 
  • တအာင်းတပ် TNLA က သိမ်းပိုက်ထားသည့်မြို့များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် တည်ဆောက် နေပြီး CDM ဝန်ထမ်းများကိုလည်း တာဝန်ပေးမည်ဟု ဆိုသည်။ 
  • တိုက်ပွဲအတွင်း စစ်ကောင်စီ ဆုံးရှုံးသွားသည့် ဟိုပန်၊ ပန်လုံဒေသတို့ကို ရရှိထိန်းချုပ်ထားသည့် UWSA က စစ်ပွဲတွင် ကြားနေအဖွဲ့အဖြစ် ရပ်တည်ကြောင်း ထပ်မံ ကြေညာသည်။ 
  • မြန်မာ-တရုတ်ဓါတ်​ငွေပိုက်လိုင်း ဖြတ်သန်းရာ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းပိုင်း၌ ပိုက်လိုင်း အစောင့် စစ်သားများ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်ခံနေစဉ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးလာကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီနှင့်ပေါင်းပြီး လူသားချင်းစာနာမှုအကူအညီပေးရန် သဘောတူထားဟု ဆွစ်ဇာလန်နိုင်ငံ တွင် ကျင်းပနေသည့် World Economic Forum ၌ ထိုင်းဒုဝန်ကြီးချုပ်ပြောဆိုသည်။ 
  • သတင်းမှန်များ သိရှိစေရန်အတွက် ဝန်ကြီးဌာနက ရေးသားထုတ်ပြန်သည့် သတင်းစာများ၊ website များကိုဖတ်ရှုကြရန် လိုအပ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။ 
  • လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စ္ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောပြန်သည်။ 
  • ရန်ကုန်တိုင်းအတွင်း ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် လုံခြုံရေးလုပ်ငန်းများ ကို စနစ်တကျဆောင်ရွက်ရန် တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ညွှန်ကြားထားကြောင့် သိရသည်။ 

ဇန်နဝါရီ ၁၉ သုံးသပ်ချက် 

  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်းဖျက်ဆီး၍ တိုင်းပြည်ပျက်နေသည့် အချိန်မှာတောင် ‌ရွေးကောက်ပွဲလုပ်မည်ဟု လာသမျှလူတိုင်းကို ပြောသည့်အတွက် အာဏာသိမ်းထောက်ခံသူများတောင် ရာထူးမှဆင်းရန် ပြောဆိုနေသည်။ 
  • မြေပြင်ဖြစ်ပျက်သည်များကို ရေးသာထုတ်လွှင့်ခွင့်ကန့်သတ်ကာ မီဒီယာတိုက်များပိတ်ပင်ပြီး သတင်းများ လိမ်လည်ထုတ်ပြန်နေသည့် စစ်တပ်ကြိုးဆွဲရာ “က” နေသည့် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဆိုသူသည် ၎င်းတို့ထုတ်ပြန်သည့် သတင်းများဖတ်ကြရန် ပြည်သူကို ပြောဆိုနေရသည်။