နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၉ ဖေဖော်ဝါရီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

မြန်မာနိုင်ငံအတွင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများကို သတ်မှတ်ရက်အတွင်း အမည်စာရင်း မှတ်ပုံတင်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့၌ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဖေဖော်ဝါရီ ၂၈ ရက် က ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲပြီး ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ် ကျူး လွန်သူ အားလုံးကို ပြည်သူ့တရားဥပဒေနှင့် အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွား မည်ဖြစ် သည်ပြီး တရားမျှတမှုပြန်လည်ရရှိအောင် ဆောင်ကျဉ်းသွားမည်စဟု NUG ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှ ယခုအချိန်ထိ စစ်ကောင်စီ၏ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၂၀၀ ကျော်ရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်း ပျက်စီးမှု ၃၀၈ ခုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကမ္ဘာလုံးစေတီဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများ၏ ပြောဆို ချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် က စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း စစ်တွေမြို့ခံများက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့လယ်နှင့် လူစည်ကားရာနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ လူငယ်များက ဦးဆောင်၍ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်ကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၉) နံနက်က ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့ ၊ဒဂုံမြို့နယ်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ရှယ်ယာ အများစု ပိုင်ဆိုင်သော အောင် မြင့်မိုရ်မင်းကုမ္ပဏီ (MyTel) ရုံးချုပ်ကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာ တက္ကသိုလ်အနီးရှိ စစ်တပ်ဂိတ်စခန်းနှစ်ခုကို တိုက်ခိုက်ပြီး နောက် Non-CDM ဒု ပါမောက္ခချုပ် ဦးကျော်အောင်အပါအဝင် ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထားဝယ်ခရိုင်အခြေစိုက် လှုပ် ရှားနေသည့် ဗထူး တပ်မတော် (BHA) က သတင်း ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)တပ်ရင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF – Mindat)ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ခမရ(၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲရှိ ရခိုင်အဆိုတော် ကိုဖိုး လပြည့်နှင့် သတင်းသမားကိုဖိုးသီဟ အပါအ၀င် ပြည်သူခုနစ်ဦးကို သတ်ဖြတ်ခဲ့ရာတွင် ပါ၀င်ခဲ့ သူများ၏ ၀န်ခံချက်များကို ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒိုင်ရ်နယ်မြေ၌ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို လိုက်လံဖမ်းဆီးရာတွင် ဒုတိယဗိုလ်မှူးကြီးအပါအဝင် အရာရှိအဆင့်လေးဦး အသေဖမ်း မိပြီး ၅၉ ဦး အရှင်ဖမ်းဆီးရမိထားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် (CDF – Daai)က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ကျေးရွာကာကွယ်ရေးအတွက်ဟူသည့် အမည်ဖြင့် ကရင်နယ်ခြားစောင့်တပ် (BGF) က လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ‘၁၀၂၇စစ်ဆင်ရေး’တွင် ပါဝင်ခဲ့ပြီး တပ်ရင်းပြန်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ကြိုဆိုခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြဝတီရုပ်သံမှတဆင့် ကြေညာသည်။

ရက္ခိုင့်တပ်တော်(AA)၏ မြောက်ဦးမြို့သိမ်း တိုက်ပွဲကာလအတွင်း အချုပ်ခန်းအတွင်း ချုပ်နှောင် ထား သည့် ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ခုနစ်ဦးကို သေနတ် ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတ်ဖြတ်ရန် တိုက်ရိုက်အမိန့်ပေးစေခိုင်းခဲ့သူ ဗိုလ်မှူးသိမ်းထိုက်စိုးနှင့် ပါဝင်သူ ခရိုင်ရဲမှူး၊ ဗိုလ်ကြီးတို့က ဝန်ခံထွက်ဆိုခဲ့သည်။

အခုလက်ရှိ သဘာဝဓာတ်ငွေ့ထုတ်ပေးနေသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နှစ်ကာလကြာမြင့်ပြီ ဖြစ်သည့် အတွက် တချို့စီမံကိန်းများမှာ ထွက်ရှိမှု လျော့နည်းကျဆင်းလာ နေကြောင်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ EV Battery စွန့်ပစ်ပစ္စည်းများ ရှိလာမည်ဖြစ်ရာ နိုင်ငံ့ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရန် မျှော်မှန်းကာ ဘက်ထရီများကို စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ ဖြစ်ပေါ် စေသော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဖြေရှင်းရန်မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန်လိုအပ်ပါကြောင်း သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး ဒေါက်တာ အောင်ဇေယျကပြောသည်။

ဖေဖော်ဝါရီ ၂၉ သုံးသပ်ချက်

စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များသည် ၎င်းတို့ညံ့ဖျင်း၍ စစ်ရှုံးသည်ကို ဒေါသထွက်ကာ စစ်ထွက်အဖြစ် အရပ်သား ၇ ဦးရက်စက်စွာသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။ ယင်းစစ်ရာဇဝတ်ကျူးလွန်သူများကို ရက္ခိုင့်တပ်တော် AA အနေဖြင့် ထိုက်တန်သည့် ပြစ်ဒဏ်များ ချမှတ်ရမည်ဖြစ်သည်။