မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၃ ခုကို PDF တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲရာ အမှတ်(၁)ရဲစခန်း ၊ အမှတ်(၂) ရဲစခန်းနှင့် မြို့တော်ခန်းမကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းထံမှ သိရသည်။

ဇွန်လ ၁၁ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းမှူးက ဆိုသည်။

“ စစ်တပ်က ရှေ့တန်း စစ်မျက်နှာတွေ အာရုံစိုက်နေချိန် မထင်ထားတဲ့ အထိုင်စခန်းကို ဝင်ပစ်ခဲ့တာပါ။ စစ်ဆေးရေး ဂိတ်တွေနဲ့ လုံခြုံပြီထင်နေတဲ့မြို့လယ်က အထိုင်စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်၊ ၄၀ မမ အားလုံးပေါင်း ခြောက်လုံးပစ်ခဲ့တာပါ။ ခန်းမရှေ့ကာကင်းစခန်းက ရဲတပ်သား နှစ်ဦးကိုလည်း လက်နက်ငယ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ စစ်တပ်ဘက်က အသေဆုံး ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရသေးဘူး” ဟု မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းမှူးက ဆိုသည်။

မုံရွာမြို့ မြို့တော်ခန်းမသည် နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံတော်လှန်​ရေးရဲဘော်များကို ညှဥ်းပန်းနှိပ်စက်သည့် စစ်ကြောရေးစခန်းတခုဖြစ်ပြီး စစ်ဆေးရေးဂိတ်များဖြင့် လုံခြုံရေးတင်းကျပ်ထားသည့် နေရာတခုဖြစ်ကြောင်းသိရသည်။

မုံရွာမြို့ဒေသခံတဦးကလည်း “ ညဦးပိုင်းမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားလိုက်ရတယ်။ ဘယ်ဘက်က ပစ်မှန်းတော့ မသိဘူး။ ညဦးပိုင်းဆိုတော့ အသံတော်တော်ကျယ်ကျယ်ကို ကြားရတယ်။ ညပိုင်းက ပစ်ခတ်သံတွေကြားတော့ နေ့ခင်းဘက် အပြင်ကို သိပ်မထွက်ရဲကြဘူး” ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားမျာ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမက စုံစမ်းနေဆဲဖြစ်သည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ)မှ သံပြားကာ ကား ငါးစီးဖြင့် မုံရွာမြို့ကို ပတ်ကင်းလှည့်၍ လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။

Video – မုံရွာနတ်ဆိုးအဖွဲ့

စာတည်း – သန့်ဇော်(သန်လျင်)