DSS အဖွဲ့ အကြီးအကဲ ကို ထောင်စည်းမျဉ်းနှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဟာရာနာ ဝန်ကြီးပြော

လူမှုရေးအဖွဲ့အစည်း Dera Sacha Sauda (DSS) အကြီးအကဲ ဂါမိ ရမ် ရာဟင်

ANI

အိန္ဒိယရှိ အစိုးရမဟုတ်သော ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်း Dera Sacha Sauda (DSS) အကြီးအကဲ ဂါမိ ရမ် ရာဟင် ကို ရက် ၅၀ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် အကျဉ်းထောင်လက်စွဲ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ဆောင်ခဲ့ကြောင်း ဟာရာနာ အစိုးရအဖွဲ့ဝန်ကြီး ချောင်ဒရီ ရန်ဂျစ် ချူတာလာ က ပြောကြားသည်။ ရမ် ရာဟင် အပါအဝင် အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ရက် ၇၀ နှင့် ခွင့်ရက် ၃၀ ပေးပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ထောင်လက်စွဲ စည်းမျဉ်းအရ အကျဉ်းသားတိုင်းကို ရက် ၇၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ခွင့်ရက် ၃၀ ပေးနိုင်တယ်။ ခွင့်ကိုတော့ တကြိမ်သာ ပေးနိုင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို နှစ်ကြိမ် အထိ ပေးနိုင်တယ်။ ဒါကိုတော့ အကျဉ်းသားက ရွေးချယ်ခွင့် ရှိတယ်။ ဟာရာနာ အကျဉ်းထောင်မှာ အကျဉ်းသား ၂၃ ဦး ကနေ ၂၄,၀၀၀ အထိ ရှိပြီး အားလုံးအတွက် တူညီတဲ့ စည်းမျဉ်းတွေ ရှိတယ်။ ထောင်ဒဏ် ခုနစ်နှစ် ထိ ချမှတ်ခံထားရတဲ့ အကျဉ်းသားတဦးက ခရိုင်တရားသူကြီး က တစ်ဆင့် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်တယ်” ဟု ချောင်ဒရီ က ဆာဆာရှိ ၎င်း ၏ နေအိမ်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

“ထောင်ဒဏ် ခုနစ်နှစ် ထက်ပိုတဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေ ရဲ့ လွတ်ငြိမ်းခွင့် လျှောက်ထားမှုကိုတော့ တိုင်းဒေသကြီး ကော်မရှင်နာအရာရှိ က အတည်ပြုပေးတယ်။ ဂါမိ ရမ် ရာဟင် က ထောင်ဒဏ် ခုနစ်နှစ်ကျော် ချမှတ်ခံထားရပါတယ်။ ၎င်း ရဲ့ နှစ်သစ်အတွက် လွတ်ငြိမ်းခွင့် လျှောက်ထားမှုကို ဇန်နဝါရီ ၁၉ မှာ တိုင်းဒေသကြီး ကော်မရှင်နာ အရာရှိက အတည်ပြုပေးခဲ့ပြီး ညနေ ၅ နာရီ ၃၀ မှာ လွတ်လာပါတယ်” ဟု ဝန်ကြီး ချူတာလာ က ပြောသည်။

တပည့် နှစ်ဦးအား မုဒိမ်းကျင့်မှုဖြင့် ဆူနာရီရာ အကျဉ်းထောင်တွင် ထောင်ဒဏ်အနှစ် ၂၀ ကျခံနေရသော ဂါမိ ရမ် ရာဟင် ၏ ရက် ၅၀ လွတ်ငြိမ်းချမ်းသာခွင့် ကို ဇန်နဝါရီ ၁၉ က ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ထောင်ခွင့်ရက် ၂၁ ရက် ရရှိ ပြီးနောက် အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိပြီး ၂၉ ရက်အကြာတွင် ယခု လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ရရှိခြင်း ဖြစ်သည်။

မုဒိမ်းမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော ဂါမိ ရမ် ရာဟင် သည် နိုဝင်ဘာ ၂၀ တွင် ထောင်ခွင့် သုံးပတ် ရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်း သည် ဆာဆာ ရှိ အာရှ်ရမ် ရုံးချုပ်တွင် အမျိုးသမီး တပည့် နှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဟာရာနာ ဆူနာရီရာ အကျဉ်းထောင်တွင် ၂၀၁၇ မှ စ၍ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရသည်။

ထောင်ခွင့် သက်တမ်းသည် တနှစ်လျှင် ၁၄ ရက် ဖြစ်သော်လည်း ထောင်ပိုင် ထံ လျှောက်လွှာ တင်ပြီးနောက် အချို့သော အကြောင်းပြချက်များဖြင့် သက်တမ်းတိုးနိုင်သည်။ ဂါမိ ရမ် ရာဟင် ကို ၂၀၁၇ သြဂုတ် တွင် ပန်ချာကူလာ ရှိ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို အထူး တရားရုံး(CBI) က စီရင်ချက်ချခဲ့သည်။ ယင်းအမှုကို ကူရက်ရှီတရာ ရှိ ဆာဒါး ရဲစခန်းတွင် စတင်အမှုဖွင့်ခဲ့ပြီး CBI က လွှဲ‌ပြောင်းယူ၍ စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၀၃ တွင် ပန်ဂျပ် နှင့် ဟာရာနာ တရားရုံးချုပ်မှ ချမှတ်သော အမိန့် အရ CBI က အမှုကို စွဲချက်တင် အမိန့်ချခဲ့သည်။