တရားမျှတမှုကို မျှော်လင့်နေသည့် လိင်အကြမ်းဖက်ခံရသူ တော်လှန်ရေးအမျိုးသမီးများ

(မဇ္ဈိမ)။ ။ စစ်ကောင်စီ ရန်ပြုမည်ကို စိုးရွံ့၍ တိုင်းတပါးသို့ ရှောင်တိမ်းလာသူ CDM အမျိုးသမီး၏ ငါးနှစ်အရွယ် သမီးငယ် ကြုံတွေ့ခဲ့ရသည့် သက်ငယ်မုဒိန်းမှုသည် အစပိုင်းတွင် ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့သည်။ လက်ရှိတွင် ထိုအမှု ကျူးလွန်သူသည် တရားဥပဒေအရ မည်သည့်ပြစ်ဒဏ်ခတ်မှုကိုမျှ ရင်မဆိုင်ရသေးပေ။

“မိခင်က သူစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးကြုံရတယ်။ သမီးလေးရဲ့ဘဝရှေ့ရေးအတွက် စိုးရိမ်နေရတယ်။ ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ သူကလည်း မဲဆောက်မှာပဲပြန်အခြေချတဲ့အတွက် သူတို့မလုံခြုံမှုတွေခံစားနေရတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောပြသည်။

မိခင်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့်
ရန်ကုန်တက္ကသိုလ်တွဲဖက်ပါမောက္ခတဦး၏ သမီးငယ်ဖြစ်ပြီး ကျူးလွန်သည်ဟု တိုင်ကြားခံခဲ့ရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တွံတေးမြို့နယ် အလုပ်အမှုဆောင်အတွင်းရေးမှူးဦးအောင်မင်းဆိုသူဖြစ်သည်။

ကျူးလွန်ခံရမှုအတွက်၂၀၂၃ခုနှစ်မေလအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လိပ်မှုတိုင်ကြားထားပြီးမိတ္တူကို NUG ၏ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနာနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဗဟိုအလုပ်ကော်မတီသို့ ပေးပို့ထားသည်။

NUG ထံ မေလ၂ရက် ရက်စွဲဖြင့်ရောက်ရှိခဲ့ပြီး အမှုတည်ဆောက်ကာတရားစွဲဆိုနိုင်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်မည်ဟု NUGတာဝန်ရှိသူများက တရားဝင်ထုတ်ပြောထာသည်။

ယခုဆိုလျှင်သက်ငယ်မုဒိန်းမှုကျူးလွန်ခံရမှုအတွက် တိုင်ကြားထားသည်မှာ ခုနစ်လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာထူးခြားမရှိသေးပေ။

မဇ္ဈိမအနေဖြင့်သက်ငယ်မုဒိန်းမှုကိုကိုင်တွယ်နေသည့် နောက်ဆုံးအခြေအနေကိုသိရှိနိုင်ရန် ၂၀၂၃ခုနှစ် စက်တင်ဘာလမှ စတင်ပြီးလက်ရှိအချိန်ထိဆက်သွယ်မေးမြန်းခဲ့ရာတွင် NUGဘက်ကနှုတ်ဆိတ်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံမဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်သည် တော်လှန်ရေးတွင်ပါဝင်နေသူများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရသည့်ထဲတွင် ထင်ရှားသောအမှုတခုဖြစ်သည်။
တော်လှန်ရေးထဲတွင် ပုံစံအမျိုးမျိုးဖြင့်ပါဝင်နေကြသည့် အမျိုးသမီးအချို့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်။
မဲဆောက်ရောက်ရှိနေသည့် မမျိုးမှာလည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် ကမ်းလှမ်းမှု တချို့ကြုံတွေခဲ့ရသည်။ ယခင်က အတူတကွ ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် မိတ်ဆွေရင်းဟု ယူဆခဲ့သူ အမျိုးသားထံမှ ကြုံတွေ့ရခြင်းဖြစ်သည့်အတွက် မမျိုးမှာ ယူကျုံးမရ နောင်တရ ရသည်ဟု ဆိုသော်လည်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။
“ တော်လှန်ရေးအပေါ် အနှောင့်အယှက်ဖြစ်မှာစိုးတယ်။ တဖက်က(စစ်ကောင်စီ ထောက်ခံသူတွေ) လက်ညှိုးထိုး အပြစ်တင်စရာဖြစ်မယ်ဆိုပြီး ကိုယ်ဘာကိုယ်ပဲ တိမ်းရှောင်ခဲ့တယ်။ တခါတခါလည်း ငါဒီလို ထုတ်ဖော်ပြောဆိုခြင်းမရှိတာဟာ မှားနေလား တွေးမိတယ် ” ဟု မမျိုးက ဆိုသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွင်မုဒိန်းမှုမှသည် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်လူသားဂုဏ်သိက္ခာကို ထိခိုက်အောင်ပျက်ယွင်းအောင်လုပ်သည့်အခြေအနေများထိပါဝင်ကြောင့် ထိုဖြစ်ရပ်များကို လေ့လာသုံးသပ်နေသည့် အဖွဲ့အစည်းတခုမှ အမျိုးသမီးတဦးက ဆိုသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားသည့် သုတေတနစာတမ်းတစောင်တွင် ၂၀၂၁ခုနှစ်မှ၂၀၂၃ခုနှစ်အထိကာလအတွင်း တော်လှန်ရေးနယ်မြေများဖြစ်သည့် ကရင်နီပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့တွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်စပ်နေသော သိသာထင်ရှားသည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လေးမှုအထိဖြစ်ခဲ့သည်။

ယခင်ကဆိုလျှင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများသည် ကျူးလွန်ခံရသူနှင့်နီးစပ်သည့် သူငယ်ချင်းဆွေမျိုးသားချင်းများထဲမှ အများဆုံးဖြစ်သည်ဟု လေ့လာသူများကဆိုကြသည်။

နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့်အမျိုးသမီး အချို့သည် ထောက်ပို့လုပ်ငန်းတွင်ပါဝင်သူများ၊ လက်နက်ကိုင်တပ်ဖွဲ့များတွင်ပါဝင်သူများနှင့်တော်လှန်ရေးတွင်ပါဝင်သူတို့၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကြုံတွေ့ခံစားနေကြရသည်။

“ဥပမာအားဖြင့်တခုကိုပြောပြရရင် ဘာပြရင် ဘယ်လောက်လှူမယ်ဆိုတာမျိုးပြောတာတောင် ရှိတယ်။ သူတို့တွေကလည်း တော်လှန်ရေးထဲကလူတွေပဲနော် ” ဟု ထောက်ပို့တပ်သားဟု ခံယူထားသည့် အမျိုးသမီးငယ်တဦးက သူ့အတွေ့အကြုံကိုပြောပြသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်ရေးများအတွက် တိုက်ပွဲဝင်နေသည့်တပ်အချို့တွင်လည်း အနည်းနှင့်အများပုံစံမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများရှိနေသည်ဟု အမျိုးသမီးလက်နက်ကိုင်သုံးဦးထက်မနည်းက ပြောပြကြသည်။

၎င်းတို့၏ကျူးလွန်ခံရမှုများအတွက် တရားမျှတမှုရှာဖွေရန် စစ်ကောင်စီလက်အောက်တွင်ရှိနေသည့် တရားစီရင်ရေးယန္တရားများကို အသုံးပြု၍မရနိုင်ပေ ။

တော်လှန်အမျိုးသမီးများသည် စစ်ကောင်စီယန္တရားများကို သပိတ်မှောက်ထားကြသည့်အတွက် ၎င်းတို့လက်အောက် ရောက်ရှိနေသည့် တရားရေးစနစ်ကိုလည်း အားကိုးအားထားမပြုတော့ပေ။

စစ်ကောင်စီယန္တရားများနှင့်ပတ်သက်မိပါက ဖမ်းဆီးခံရပြီး အခြားအမှုများဖြင့်ပြန်လည်တရားစွဲဆိုနိုင်သည့် အန္တရာယ်လည်းရှိနေကြောင်း တော်လှန်ရေးတွင်ပါဝင်နေသည့် အမျိုးသမီးများကပြောပြသည်။

တော်လှန်ရေးနယ်မြေများတွင်လည်း အမျိုးသမီးအများစု သည် ၎င်းတို့ ကျူးလွန်ခံနေရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတွက် တရားမျှတမှုရှာဖွေရန် အကြောင်းအမျိုးမျိုးကြောင့် အများစု မှာနှုတ်ဆိတ်နေကြရဆဲဖြစ်သည်။

“နှုတ်ဆိတ်နေရတာကတော့ နီးရာဓားကြောက်ရလို့လို့ပဲသုံးသပ်ပါတယ် ကျူးလွန်သူအများစုဟာ လက်နက်ဒါမှမဟုတ် အာဏာရှိသူတွေဖြစ်နေကြပြီး ကျူးလွန်ခံရသူများဟာ သူတို့ရဲ့ အာဏာအောက် မှာနေထိုင်ခိုလှုံနေရသူတွေဖြစ်နေလို့ပါ။” ဟု ANTS fundraisingအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် လီလီကပြောပြသည်။

တော်လှန်ရေးတပ်ဖွဲ့များတွင်ဖြစ်ပွားသည့် လိင်ပိုင်ဆိုင်ရာကျူးလွန်ခံရမှုများအတွက် တိုင်ကြားသည့်အမျိုးသမီးများသည် ခြိမ်းခြောက်ခံရခြင်းများလည်းကြုံတွေ့ရတတ်သည်ဟု ကိုယ်တိုင်လက်နက်ကိုင်ခဲ့သည့် အမျိုးသမီးတဦးကဆိုသည်။

လိင်ပိုင်းရာအကြမ်းဖက်ခံရမှုများအတွက် ထုတ်ဖော်ပြောဆိုသည့် အမျိုးသမီးများသည် တရားမျှတမှုအစား မဲဆောက်မြို့က ငါးနှစ်အရွယ်သမီးငယ်လေး၏ မိခင်ကဲ့သို့ပင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကိုပြန်လည်ရရှိနေကြသည်။

အသက်၂၂နှစ်အရွယ် မသူဇာမြင့်သည် နွေဦးတော်လှန်ရေးထဲတွင်ထောက်ပို့တဦးဖြစ်သည့် နွေဦးဆရာတော်က သူကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် လိင်ပိုင်းဆိုင်ရာ ပြောဆိုစော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သူ၏ခံစားခဲ့ရမှုအတွက် လူမှုကွန်ရက်စာမျက်နှာတွင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစ္စလာမ်ဘာသာဝင်ဖြစ်မှုနှင့် နွေဦးဆရာတော်ကိုကာလကြာစွာစကား လက်ခံပြောဆိုမှုများအတွက် နွေဦးဆရာတော်ကို အားပေးထောက်ခံသူများ၏ ဝေဖန်တိုက်ခိုက်မှုများကိုခံခဲ့ရသည်။

“ဘာသာရေးတွေသုံးပြီးတော့ အောက်လုံးနဲ့လာဆဲတာတွေ ကုလားမပေါ့နော် ပြည်ဖျက်ချင်နေတာလား အဲဒီလိုမျိုးမတရားပြောဆိုခံရတော့ စိတ်ဓါတ်တော့တခါတခါကျမိတာပေါ့” ဟု သူကဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများအကြားတွင် အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံငြိမ်းချမ်းသည့် လူမှုအသိုက်အဝန်းမှာလည်း တဖြေးဖြေးပျောက်ဆုံးလာနေသည်ဟု လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရသူ အမျိုးသမီးများက ဆိုသည်။

ပျက်စီးယိုယွင်းနေသည့် စစ်ကောင်စီလက်အောက်ခံတရားစီရင်ရေးယန္တရား နှင့် တည်ဆောက်နေဆဲ အမျိုးသားညီညွတ်ရေးအစိုးရ၏တရားယန္တရားအောက်တို့တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသည့် အမျိုးသမီးတို့အတွက်တရားမျှတမှုရှာဖွေရန် ခိုင်မာကောင်းမွန်သည့်တရားစီရင်ရေးယန္တရား ပျောက်ဆုံးနေချိန်လည်းဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂသည် အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပပျောက်ရန်အတွက် ပေါ်လစီများချမှတ်ဆောင်ရွက်ရန် ၊ အရေးယူနိုင်မည့်ယန္တရားများအားကောင်းရန်နှင့် နစ်နာသူများအတွက် ပြန်လည်ကုစာရေးအစီစဉ်များဆောင်ရွက်နိုင်ရန် NUG၊ NUCCနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို အကြံပြုချက်များပေးပို့ထားသည်ဟုသိရသည်။

မည်သို့ပင်ဖြစ်စေလူမှုကွန်ရက်စာမျက်နှာတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပြီး လူအများစိတ်ဝင်စားခဲ့သည့် အမှုကိုပင် တရားမျှတမှု မပေးနိုင်သေးသည့် တရားရေးကဏ္ဍသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် တော်လှန်အမျိုးသမီးများအတွက်မေးခွန်းထုတ်ဖွယ်ရာဖြစ်နေသည်။

“Sexual violence(လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) တွေဖြစ်လာခဲ့ရင် တိုင်ကြားလို့မရတဲ့နေရာမရှိတာမဟုတ်ပါဘူး ရှိပါတယ် ထိထိရောက်ရောက်အရေးယူမှုတွေမရှိတာပါ ” ဟု အမျိုးသမီးငယ်တဦးဖြစ်သည့် လီလီက သူ့အမြင်ကိုပြောပြသည်။

သို့သော်လည်း အမျိုးသမီများအနေဖြင့် မိမိကြုံတွေ့ရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို မှတ်တမ်းတင်ထားခြင်း၊ သက်ဆိုင်ရာ အစိုးရထံအကြောင်းကြားခြင်း၊ အစိုးရမဟုတ်သော အဖွဲ့စည်းများထံထုတ်ဖော်ပြောပြထားခြင်း၊တိုင်ပင်ခြင်း နှင့် ကျူးလွန်သူများ၏ အချက်အလက် သက်သေများကို စနစ်တကျမှတ်သားထားရန် အတွက် လူ့အခွင့်ရေးအမျိုးသမီးရေးလှုပ်ရှားသူများက အကြံပြုကြသည်။

“တချိန်မှာကျမတို့တရားမျှတမှုကို မရရအောင်ရှာဖွေနိုင်တယ်။ ရှာဖွေခွင့်လည်းရှိတယ်။ ဘယ်နနှစ်ပဲကြာသွားပါစေ နှစ်၅၀ပဲကြာသွားပါစေ၊ နှစ်၂၀ပဲကြာသွားပါစေ ကိုယ့်ရဲ့အမှန်တရားကိုပြောပိုင်ခွင့်ရှိတယ်” ဟု ဒီမိုကရေစီအရေးနှင့်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်ကဆိုသည်။

လက်ရှိတွင် ‌မျှော်လင့်နေသည့် တရားမျှတမှုမှာ ၎င်းတို့နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု ထိုအမျိုးသမီးများက ယူဆနေကြဆဲ ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး