အမေရိကန်သို့ တိတ်တဆိတ် ဝင်လာနေသော တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နည်းပညာ ကျူးကျော်မှု

Epardafas Correspondent

အမေရိကန်သည် ၂၀၂၁ ဘိုင်ဒင် အစိုးရ စတင်တာဝန်ယူသည့် အချိန်ကပင် အထူးသဖြင့် ပညာရပ်ကဏ္ဍများ အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ သမ္မတ ထရမ့် ၏ WeChat အက်ပ် တားမြစ်ချက်ကို ပယ်ဖျက်ခြင်း နှင့် ‘China Initiative’ ၏ နောက်ဆက်တွဲ ဖျက်သိမ်းမှုသည် ယင်း ကိစ္စကို ပြတ်ပြတ်သားသား အလေးထားလာစေသည်။

ဟားဗတ်တက္ကသိုလ်၏ ဓာတုဗေဒနှင့် ဓာတုဇီဝဗေဒဌာန အကြီးအကဲ ဒေါက်တာ ချားလ် လီဗာ ကို ဖမ်းဆီးခြင်းသည် အဆိုပါ ထိုးဖောက်ဝင်ရောက်မှုအတွက် အထင်ရှားဆုံး သက်သေဖြစ်သည်။ လေးစားထိုက်သော နာနိုသိပ္ပံပညာရှင် ဒေါက်တာ လီဗာ သည် CCP ၏ ” အရည်အချင်းရှိသူများ စုဆောင်းခြင်း အစီအစဉ် ” တွင် ပါဝင်ပြီး Wuhan University of Technology တွင် သုတေသန ဓာတ်ခွဲခန်းတခု တည်ထောင်ရန် ငွေကြေးများစွာကို လက်ခံရရှိခဲ့သည် ဟု စွပ်စွဲခဲ့သည်။ ယင်းကိစ္စတွင် CCP သည် ဇန်ဇောင်ဆောင်း နှင့် ရဲရန်ကင်း အပါအဝင် နိုင်ငံရပ်ခြားမှ အရည်အချင်းရှိသူများကို ၎င်း ၏ ဗျူဟာမြောက် ရည်မှန်းချက် အတွက် စုဆောင်းထားကြောင်း အလေးပေးဖော်ပြသည်။

၂၀၀၈ တွင် စတင်ခဲ့သော “အရည်အချင်းရှိသူများ စုဆောင်းခြင်း အစီအစဉ်” သည် နိုင်ငံခြားမှ အရေးကြီးသော သတင်းအချက်အလက်နှင့် နည်းပညာများကို ရယူရန် CCP ၏ မဟာဗျူဟာ အုတ်မြစ်ဖြစ်သည်။ ထင်ရှားကျော်ကြားသော တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများမှ ထိပ်တန်း စွမ်းဆောင်ရည်ရှိသူများကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် တရုတ်သို့ အသိပညာနှင့် အရင်းအမြစ်များ ပြန်လည် လွှဲပြောင်းရာတွင် လွယ်ကူချောမွေ့စေသည်။ သို့သော် ၎င်းသည် အမေရိကန် အစိုးရ၏ စိစစ်ရန် ပစ်မှတ်လည်း ဖြစ်လာခဲ့သည်။

ထရမ့် အစိုးရအဖွဲ့ ၏ ‘China Initiative’ သည် ” အရည်အချင်းရှိသူများ စုဆောင်းခြင်း အစီအစဉ် ” နှင့် ဆက်နွှယ်နေသူများကို အထူးသတိထားပြီး စီးပွားရေးသူလျှိုလုပ်ခြင်းတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖော်ထုတ်၍ တရားစွဲဆိုရန် ရည်ရွယ်သည်။ Huawei ၏ CFO ဖြစ်သူ မန်ဝန်ဇူး အဖမ်းခံရပြီး တရုတ်-အမေရိကန် သိပ္ပံပညာရှင် ဇန်ရူးရှန် ၏ မိမိကိုယ်ကို အဆုံးစီရင်ခြင်းသည် ပြဿနာ၏ အတိမ်အနက်ကို ဖော်ပြသည်။ ထောက်လှမ်းရေး နည်းပညာ လွဲပြောင်းရာတွင် လွယ်ကူချောမွေ့စေသည့် Danhua Capital နှင့် ဇန် ၏ ဆက်ဆံရေးသည် CCP ၏ စနစ်ကျသော သူလျှိုလုပ်ခြင်းဆိုင်ရာ ချဉ်းကပ်မှုကို ပိုမိုအလေးပေး ဖော်ပြခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် ဗီဇာကန့်သတ်ချက်များနှင့် ပို့ကုန်ထိန်းချုပ်စာရင်းများတွင် တရုတ်အဖွဲ့အစည်းများ ထည့်သွင်းခြင်း အပြင် တင်းကြပ်သော အစီအမံများကို အကောင်အထည်ဖော်ခဲ့သည်။ သမ္မတ ထရမ့် လက်မှတ်ရေးထိုးထားသော ကြေညာချက်( ၁၀၀၄၃ )သည် CCP ၏ စစ်ဘက်-အရပ်ဘက် ပေါင်းစပ်မဟာဗျူဟာနှင့် ဆက်စပ်နေသော တရုတ်ကျောင်းသားများ အမေရိကန်သို့ ဝင်ရောက်မှုကို ဆိုင်းငံ့ထားပြီး တရုတ်သို့ ကျွမ်းကျင်မှု နှင့် အသိပညာ စီးဆင်းမှုကို ထိရောက်စွာ တားမြစ်ထားသည်။

သို့သော် WeChat ပိတ်ပင်မှုကဲ့သို့ ကန့်သတ်ချက်များကို ရုတ်သိမ်းရန် ဘိုင်ဒင် အစိုးရ ၏ ဆုံးဖြတ်ချက်သည် အဆိုပါ ကြိုးပမ်းအားထုတ်မှုများ ဆက်လက်တည်ရှိနေခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ Proclamation 10043 ကို ဖျက်သိမ်းရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ဖိအားပေးနေသော်လည်း အမေရိကန်သည် ၎င်း၏ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။

ထို့ပြင် ဖလော်ရီဒါကဲ့သို့ ပြည်နယ်တခုချင်းစီသည် CCP သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် နောက်ထပ်ခြေလှမ်းများ လုပ်ဆောင်ခဲ့ပြီး တက္ကသိုလ်များတွင် တရုတ်အက်ပ်များကို ပိတ်ပင်ကာ တရုတ်လူမျိုးများ၏ အိမ်ခြံမြေများဝယ်ယူခြင်းကို တားမြစ်ထားသည်။ ယင်း အစီအစဉ်သည် CCP ၏ ဘက်ပေါင်းစုံမှ သြဇာလွှမ်းမိုးမှု သဘောသဘာဝကို အလေးထားခြင်းနှင့် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် ထိရောက်သော မဟာဗျူဟာများ လိုအပ်ကြောင်း သိသာစေသည်။

CCP သည် ကမ္ဘာတဝန်းရှိ ပညာရှင်များနှင့် သုတေသနအဖွဲ့အစည်းများ သို့ ဆက်လက်ဖြန့်ကြက် ရောက်ရှိနေချိန်တွင် အမေရိကန်သည် ၎င်း၏ အမျိုးသားအကျိုးစီးပွားနှင့် ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေးတွင် စိန်ခေါ်မှုတရပ်ကို ဆက်လက် ရင်ဆိုင်နေရသည်။ အဆိုပါ ခြိမ်းခြောက်မှုများကို တန်ပြန်ရာတွင် နိုးနိုးကြားကြားနှင့် တက်ကြွစွာ ဆက်လက်လုပ်ဆောင်ခြင်းဖြင့် အမေရိကန် သည် CCP စိမ့်ဝင်မှု အန္တရာယ်ကို လျှော့ချနိုင်ပြီး ဆန်းသစ်တီထွင်မှုနှင့် သုတေသနတွင် ၎င်း၏ ကမ္ဘာ့ခေါင်းဆောင် နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။