မလေးရှားမှာ တိုက်ခိုက်ခံရတဲ့ တတိယမြောက် ဘောလုံးသမား

By PKThawn

မလေးရှားအသင်းခေါင်းဆောင်ဟောင်း ဆာဖီ ရာဟင်ကို တိုက်ခိုက်သူနှစ်ဦးက တူနဲ့ ခြိမ်းခြောက်ခဲ့ကာ သူ့ရဲ့ ကားလေကာမှန်ကို ရိုက်ခွဲခဲ့ပြီးနောက် သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုက်ခိုက်ခံရတဲ့ တတိယမြောက် ဘောလုံးသမားဖြစ်ခဲ့ပါတယ်။

ဂျိုဟောတော်ဝင်မိသားစုရဲ့ အိမ်ရှေ့မင်းသားက ဦးစီးပြီး အာရှထိပ်တန်းကလပ်တွေထဲက တသင်းဖြစ်တဲ့ ဂျိုဟောဒါရူတာဇင်နဲ့ လေ့ကျင့်ရေးဆင်းပြီးနောက် ဆာဖီဟာ အင်္ဂါနေ့နှောင်းပိုင်းက တောင်ပိုင်းဂျိုဟောပြည်နယ်မှာ တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။

နောက်ဘက်လေကာမှန်ကို ရိုက်ခွဲခံရထားတဲ့ အနက်ရောင် Honda ရဲ့ ပုံကို အသက် ၃၆ နှစ်အရွယ် ကွင်းလယ်ကစားသမားက Instagram မှာ တင်ခဲ့ပါတယ်။

“ဂျိုဟောဒါရူတာဇင် (JDT) လေ့ကျင့်ရေးစင်တာအနီးမှာ တိုက်ခိုက်ခံရဖို့ မမျှော်လင့်ထားပါဘူး။ ကျနော်တို့တွေ သတိထားဖို့ လိုပါတယ်”လို့ သူက ပို့စ်မှာ ရေးသားထားပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ရုတ်တရက် ကျနော့်ကားနား ချဉ်းကပ်လာပြီး သံတူနဲ့ ရွယ်ပြီး နောက်ဘက်လေကာမှန်ကို ရိုက်ခွဲလိုက်တာ”လို့ သူပြောဆိုခဲ့တဲ့ ရဲအစီရင်ခံစာမိတ္တူကိုလည်း အင်စတာဂရမ်မှာ တွဲတင်ခဲ့ပါတယ်။

“ကားကို ကျနော် ရပ်လိုက်တယ်။ ကြောက်နေခဲ့လို့ပါ။”

အရှေ့တောင်အာရှနိုင်ငံရှိ ဘောလုံးသမားတွေကို တိုက်ခိုက်မှု တပတ်အတွင်း တခြားနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မလေးရှား ညာတောင်ပံကစားသမား ဖယ်ဆယ် ဟာလင်ဟာ မြို့တော်ကွာလာလမ်ပူအပြင်ဘက်မှာ သီတင်းပတ်ကုန်က အက်ဆစ်ဖြင့် ပက်ခံရပြီးနောက် အဆင့်လေးလောင်ကျွမ်းဒဏ်ရာတွေနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေပါတယ်။

တိုက်ခိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

သူ့ရဲ့အသင်းဖော် အာခီယာ ရာရှီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့ပိုင်း တာရီဂနူပြည်နယ်ရှိ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ ဓားပြတိုက်မှုတခုအတွင်း ဒဏ်ရာရရှိခဲ့ပါတယ်။

ကွာလာ တာရီဂနူ ရဲချုပ် အာဇီ မိုဟာမက် နူးရ်က အဖြစ်အပျက်နှစ်ခုလုံးဟာ ဆက်နွယ်မှုမရှိဘူးလို့ ပြောပါတယ်။

မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာမီဒင် မိုဟာမက် အာမင်က သက်တော်စောင့်တွေငှားရမ်းတာအပါအဝင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးနဲ့ ပတ်သက်လို့ ကြိုတင်သတိထားဖို့ ထိပ်တန်းဘောလုံးသမားတွေကို အင်္ဂါနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

မလေးရှားဘောလုံးလောကဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်များမှာ ရွှေရောင်နေ့ရက်တွေ ရှိခဲ့ပြီး ၁၉၉၃ မှာ ယင်းရဲ့အမြင့်ဆုံးအဆင့် ၇၃ နေရာကို ရောက်ရှိခဲ့ပါတယ်။

(AFP)