တံတားဦးလေတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ တံတားဦးမြို့နယ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကပ်လျက်ရှိသော စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းကို ဇန်နဝါရီလ ၂၃ ရက် ညနေ ၄ နာရီ ၄၉ မိနစ်ခန့်က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့က သတင်းထုတ် ပြန်ထားသည်။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။

“စုစုပေါင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ပစ်ခတ်ဖို့ကြိုးစားခဲ့ပါတယ်။ ငါးလုံး အောင်အောင်မြင်မြင် ပစ် ခတ်နိုင်ခဲ့ပြီး ခုနစ်လုံးကတော့ ပစ္စည်းချို့ယွင်းမှုကြောင့် ရှော့တိုက်တာမထွက်ခဲ့ပါဘူး။ ပစ်ပြီးကတည်းက လေယာဉ်အတက်အဆင်း ငြိမ်သွားတယ်။ ညက တစင်း၊ မနက်က တစင်းပဲတက်တော့တယ်၊ အရင်လို တောက်လျှောက် ဆင်းလိုက်တက်လိုက် မရှိတော့ဘူး” ဟု ၎င်းကဆို သည်။

“စစ်ကောင်စီက တံတားဦးလေတပ်စခန်းလုံခြုံရေးကို သုံးမိုင်ပတ်လည်စည်းရယ်၊ ငါးမိုင်ပတ်လည်စည်း ရယ် ချထားတာ။ ငါးမိုင်စည်းကို ပစ္စည်းနဲ့အတူရအောင်ကျော်သွင်းပြီး လေးမိုင်နဲ့ငါးမိုင်ကြားအကွာကနေ ပစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ကင်းပုန်းနေရာနဲ့ ပေ ၃၀၀ လောက်ကနေပစ်ရတာ။ ရှော့တိုက်ဒုံး ၁၂ လုံး ထဲမှာ ထွက်တဲ့အလုံးတွေထွက်သွားပြီး ကျန်တဲ့ခုနစ်လုံးက ဘယ်လိုရှော့တိုက်တိုက် ပစ်လို့မရဘူး။ ပြန် သယ် ဖို့ကလည်း သူတို့တပ်ဖွဲ့တွေရဲ့အတွင်းဘက်ထဲရောက်နေတော့ သယ်ဖို့မလွယ်တာနဲ့ ထားခဲ့ရ တယ်” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု၏ နောက်ဆက်တွဲထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့၏စီမံမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး(U.S.O)နှင့်အတူ မဟာမိတ်ဖြစ်သော Security and Special Task Force(SSTF MDY) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် လေဆိပ်အ၀င်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေပြီး အနီး၀န်းကျင် ကျေးရွာ များကိုလည်း ပိုက်စိတ်တိုက်ရှာဖွေမှုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

တံတားဦးလေတပ်စခန်းသည် မြန်မာနိုင်ငံအထက်ပိုင်းအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာတွင် အဓိက ကျသည့် စစ်ကောင်စီလေတပ်စခန်းတစ်ခုဖြစ်သည်။
လေတပ်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် တိုက် ခိုက်ခံရခြင်းမရှိဘဲ တိုက်ခိုက်ရန်ပြင်ဆင်ထားသည့် ၁၀၇ မမရှော့တိုက်ဒုံးရှစ်လုံး တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

တံတားဦးလေတပ်စခန်းမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညကလည်း တိုက်ခိုက်ခံခဲ့ရဖူးသည်။

စာတည်း။ ။စောဖေ