ဆမီးဗျူဟာစခန်းမှထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း CDF- Matupi ထုတ်ပြန်

ပုံအညွှန်း - ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) / ဓါတ်ပုံ - CDF - Matupi

ပုံအညွှန်း – ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) / ဓါတ်ပုံ – CDF – Matupi

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးစစ်ကောင်စီဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းယူခဲ့ပြီးနောက် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာ၍ မတူပီမြို့နယ်ဖက်သို့ထွက်ပြေးရာတွင် ချင်းပူးပေါင်းအဖွဲ့မှ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် လုံပန်ကျေးရွာအနီး Kapin ချောင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တဖန် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် စံတပ်ရွာ၌ ထပ်မံ၍ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဆိုသည်။

“အခုသူတို့က မတူပီနဲ့ တရက်ခရီးလောက်နေရာကိုရောက်နေပြီ။ တောထဲကသွားနေတော့ ခရီးမတွင်ဘူး။ ကာကွယ်ရေးအဖွဲ့တွေလိုက်နေတုန်းဆိုတော့ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့အခြေအနေရှိတယ်” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်သည် စံတပ်ကျေးရွာအရောက်တွင် ကျေးရွာပြည်သူ့ဆေးရုံကိုဖျက်ဆီးပြီး ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့သွားကြောင်းသိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူအုပ်ချုပ်ရေးတာဝန်ရှိသူကပြောသည်။

၎င်းတို့ကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အမျိုးသမီးငါးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုး သား သုံးဦးမှာ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို CDF – Matupi ၊ CDF – Paletwa ၊ CDF – Daai နှင့် ချင်း အမျိုးသားတပ်မတော်(CAN) တို့မှ လိုက်လံတိုက်ခိုက်နေခြင်းဖြစ် ကြောင်းသိရသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က မတူပီမြို့နယ် ထယ်ဘွေ့တပ်စခန်းကို ချင်းပူးပေါင်း တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးပြီး မတူပီမြို့ ဗျူဟာတပ်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။

စာတည်း။ ။စောဖေ