မောထာ့စခန်းကိုပူးပေါင်းတပ်တိုက််ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ထွက်ပြေး

ပုံအညွှန်း- မောထာ့စခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲ၊ ယမ်းများ (ဓါတ်ပုံ- လူမှုကွန်ရက်)

ပုံအညွှန်း- မောထာ့စခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲ၊ ယမ်းများ (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မောထာ့စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) တပ်ရင်း (၁၂) နှင့် တပ်မဟာ (၆) တပ်ရင်း (၂၇) ပူးပေါင်းတပ်များက မောထာ့စခန်းကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့နံနက် ၉ နာရီဝန်းကျင်တွင် အပြီးသတ်နယ်မြေရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ စတိုက်တော့ အပြန်အလှန်ပစ်ခတ်မှု ခဏ ဖြစ်သေးတယ်နော်။ ပြီးတော့မှ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ထွက်ပြေးသွားတာ ” ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

မောထာ့စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ အရေအတွက်ကို လတ်တလော မသိရသေးပေ။ထိုစခန်းမှ လက်နက်၊ ခဲ၊ ယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KNLA သတင်းရင်းမြစ်​၏ ပြောကြားချက်နှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံလာသည့် ရုပ်သံဖိုင်တခု၌ KNLA ယူနီဖောင်းဝတ်ဆင်ထားသောရဲဘော်တဦးက စခန်းကုန်းဟုယူဆရသည့်နေရာတွင်ရပ်၍ ” ဗျူဟာမှူး နင်မြဲမြဲမှတ်ထား၊ ဒီဟာ မောထာ့ကတော့ ကျသွားပြီ။ ထီးထာ့စခန်းပဲ ကျန်တော့တယ်” ဟု ပြောနေသည်ကို တွေ့ရသည်။

ထီးထာ့စခန်းသည်လည်း မောထာ့ရွာနှင့်နယ်မြေချင်း ဆက်စပ်လျက်ရှိပြီး စစ်ကောင်စီက အခိုင်အမာတပ်စွဲထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။မောထာ့စခန်းသည် ၁၉၉၇ ခုနှစ်မှစ၍ မြိတ်မြို့အခြေစိုက်ခြေလျင်တပ်ရင်း ခလရ (၁၇)ကအထိုင်ချနေသည့် စခန်းဖြစ်သည်ဟုKNLA သတင်းရင်းမြစ်​၏ ပြောဆိုချက်အရ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ကလည်း KNU တပ်မဟာ(၄) နယ်မြေ မောထာဒေသနှင့် ထီးထာကြားတွင်တပ်စွဲထားသည့် ခလရ(၁၀၃)မှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စခန်းကို စွန့်ခွာပြီး ထီးထာ့စစ်ဗျူဟာစခန်းသို့ပူးပေါင်းရန်လာစဉ် KNLAနှင့် ပူးပေါင်း တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ခလရ(၁၀၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် ၆၇ လက်သိမ်းဆည်းရမိခဲ့ကြောင်း KNU က ဧပြီလ ၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌လည်း စစ်ရေးတင်းမာနေပြီးတိုက်ပွဲများဖြစ်ပွားနေသည်။
မြဝတီမြို့အားပြန်လည်ထိန်းချုပ်နိုင်ရန် အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို ကော့ကရိတ်မြို့နယ်မှနေ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

စာတည်း – အေးချမ်း