စစ်ကောင်စီက တရုတ်နိုင်ငံကိုစော်ကားပြီး ရန်စတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထုတ်ပြန်

002

ရှမ်းပြည် ‌မြောက်ပိုင်းတွင် အပစ်ရပ်ရေးအတွက် ဟိုင်ဂင်သဘောတူညီချက် ရရှိအောင် ကြား၀င်ဆောင်ရွက် ‌ပေးသည့် တရုတ်နိုင်ငံကို စော်ကားပြီး စစ်ကောင်စီက ရန်စတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကထုတ်ပြန်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နှစ်လအတွင်း သုံးကြိမ် ‌မြောက် ဆွေးနွေးမှု ဖြစ်သည့် ဇန်နဝါရီ ၁၁ ရက်တွင် ‌တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်မှုဖြင့် ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတို့ အကြား ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။

ဟိုင်ဂင်သဘောတူညီချက်အရ သိမ်းပိုက်ထားသည့်နေရာများတွင် နှစ်ဖက်တပ်များက ပစ်ခတ်တိုက်ခိုက်မှုများ မလုပ်ဆောင်ရန်၊ ရရှိထားသည့် နေရာများကလွဲပြီး အခြားနေရာများကို ထိုးစစ်ဆင်ခြင်းများမပြုလုပ်ရန် အစရှိသည်တို့ ဖြစ်သည်။

သို့သော် စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ရရှိပြီး နောက်ပိုင်းတွင်လည်း ချိုးဖောက်ကာ ‌မြောက်ပိုင်းမဟာမိတ် တပ်များ တည်ရှိရာ နေရာများသို့ လေ‌ကြောင်းမှ ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ဆိုသည်။

” ဟိုင်ဂင်သဘောတူညီမှု” အား လိုက်နာသည်ကို အခွင့်ကောင်း ယူ၍ စစ်ကောင်စီဖက်မှ ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက် သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာရောက် သည့်အပြင် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကူညီမှုကို အလေးမထားသည့်အပြင် စော်ကားလိုက်ခြင်း ပင်ဖြစ်သည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ခြင်းမှာ နှစ်ကြိမ်ရှိပြီဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။

ပထမအကြိမ်မှာ ဇန်နဝါရီ ၁၆ ရက်တွင် ဖြစ်ပြီး ဒုတိယအကြိမ်မှာ ဇန်နဝါရီ ၂၄ ရက်တွင် ‌ဗြောင်ကျကျချိုးဖာက်ခဲ့ခြင်းဟု မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၁ နာရီ ၂၁ မိနစ်ခန့်၌ စစ်ကောင်စီ၏ ဗျူဟာ ၄၈ မှ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်သည် ကိုးကန့် တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ရှောင်တခင်ဝင်ရောက်ပြီး အလစ်အငိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိမိတို့ဖက်မှ ရဲဘော် တစ်ဦး အသက်စွန့်လွှတ်ခဲ့ရသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် တအာင်းပြည်နယ်၊ တပ်မဟာ (၆) ဒေသ၊ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က သိန္နီဘက်ခြမ်း နယ်စပ်တံတားသို့ လက်နက်ကြီးဖြင့် ၁၈ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။

မလွှဲမရှောင်သာသည့် အ‌ ခြေအနေတွင် ဟိုင်ဂင်သဘောတူညီချက် ကို လိုက်နာခဲ့ရပြီး ရှမ်းမြောက်ရှိ မိမိတို့လှုပ်ရှားရာနယ်မြေများနှင့် မိမိတို့သတ်မှတ်ထားသော ရန်သူ့ပစ်မှတ်နေရာများ၌ စစ်ကောင်စီ တပ်စခန်းများအား စတင်ထိုးစစ်ဆင်ခြင်းမရှိသော်လည်း တအာင်းနှင့် ကိုးကန့်ဒေသတွင်း စစ်ကောင်စီ၏ မထီမဲ့မြင် ရန်စမှုများမှာ ဆက်ရှိနေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။